မြန်မာ့အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်အာဏာရှင်တွေကို သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အရေးယူနိုင်ရေး ဆောင်ရွက်ကြဖို့လိုပြီဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရေးမှာလည်း အာဆီယံအဖွဲ့ဝင်တွေဟာ ရှေ့ဆက်ဖို့ ခက်ခဲနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးကျွမ်းကျင်သူက ဇွန်လ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အာဆီယံခေါင်းဆောင်တွေနဲ့အတူ သူတို့ကိုယ်တိုင် သဘောတူညီခဲ့တဲ့ အချက် ၅ ချက်ကို မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ လိုက်နာကျင့်သုံးခြင်း မရှိတာကြောင့် အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးစရာ အကြောင်းမရှိဘူးလို့လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးစ်က ပြောလိုက်ပါတယ်။
သောမတ်စ်အန်းဒရူးစ်က “နှစ်ဘက်လုံးက အနိုင်ရဖို့ အလားအလာမမြင်နိုင်သေးတဲ့ ဒီပဋိပက္ခကို ရပ်တန့်ဖို့အတွက် တခြားနည်းလမ်းတစ်ခုခုကို စဉ်းစားရတော့မယ့် အချိန်ရောက်လာပါပြီ။ မြန်မာစစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အာဆီယံသဘောတူညီချက် ၅ ချက်အပေါ် ပြောင်ပြောင်တင်းတင်း မထီမဲ့မြင်ပြုမှုတွေအတွက် ဒီစစ်အာဏာရှင်တွေကို အရေးယူနိုင်မယ့်နည်းလမ်းတွေကို အာဆီယံက စဉ်းစားရတော့မှာ ဖြစ်တယ်” လို့ အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
အာဆီယံရဲ့ မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အန္တရာယ်ကင်းကင်း ပေးပို့နိုင်ဖို့၊ ငြိမ်းချမ်းရေးရရှိဖို့ ဘက်ပေါင်းစုံအားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖော်ဆောင်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အာဆီယံညီလာခံမှာလည်း အာဆီယံ ခေါင်းဆောင်တွေက မြန်မာစစ်အာရှင်တွေကို သတိပေးချက်ထုတ်ပြန်ခဲ့သလို မြန်မာ့ပဋိပက္ခဖြေရှင်းရာမှာ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေရဲ့ တိုးတက်မှုကို ဖော်ပြနိုင်ပြီး အချိန်ကာလ သတ်မှတ်ချက်တစ်ခု ပါဝင်တဲ့ ခိုင်မာလက်တွေ့ကျတဲ့ တိုင်းတာရေးစနစ်တစ်ခု ဖော်ဆောင်သွားဖို့လိုကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်တွေဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် စိတ်ပျက်ခဲ့ကြရသလို စစ်အာဏာရှင်တွေကလည်း အတိုက်အခံတွေကို ချေမှုန်တိုက်ခိုက်ရာမှာ ပိုပြီးတောင် အရှိန်တိုးမြှင့်ခဲ့ပါသေးတယ်။
အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံနိုင်ငံရေးကိုယ်စားလှယ်တွေနဲ့ ပြန်လည်စေ့စပ်ညှိနှိုင်းပေးဖို့ ထိုင်းက ဆောင်ရွက်ခဲ့ပြီးတဲ့နောက်မှာ သောမတ်စ်အန်ဒရူးစ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ထိုင်းက ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကိုတော့ မြန်မာငြိမ်းချမ်းရေးအတွက် ဘက်ပေါင်းစုံပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုဖြစ်မြောက်ရေးကို နောက်ကွယ်ကနေ ကြိုးပမ်းနေတဲ့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား အပါအဝင် အာဆီယံရဲ့ အဓိကနိုင်ငံတွေက လက်ရှောင်ခဲ့ကြပါတယ်။
ထိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ စစ်အာဏာရှင်တွေကို တရားဝင်အသိအမှတ်ပြုဖို့ ကြိုးစားတာနဲ့ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို အားနည်းစေခြင်းတို့ကြောင့် အန္တရာယ်ရှိတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ အန်းဒရူးစ်က ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Photo-UN