နိုင်ငံခြားငွေကြေးလဲလှယ်ရေး လုပ်ငန်းတွေနဲ့ ရွှေအရောင်းအဝယ် လုပ်ငန်းတွေကို စစ်ကောင်စီက စစ်ဆေးဖမ်းဆီး ကြပ်မတ်တာတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပြင်ပဈေးကွက်မှာ နိုင်ငံခြားငွေလဲလှယ်မှုနဲ့ အရောင်းအဝယ်တွေ တုံ့ဆိုင်းနေတယ်လို့ ဈေးကွက်ကနေ စုံစမ်းသိရပါတယ်။
တရားဝင်ငွေလဲစင်တာတခုရဲ့ တာဝန်ရှိသူတဦးက “အဖမ်းအဆီးတွေရှိနေလို့ ခုလောလောဆယ် ကျနော်တို့လည်း အရောင်းအဝယ်ကို ပုံမှန်မလုပ်ရဲဘူး။ သတိနဲ့ လုပ်နေရတယ်” လို့ ပြောပါတယ်။
ဗဟိုဘဏ်ရဲ့ ရည်ညွှန်းဒေါ်လာလဲနှုန်းက တဒေါ်လာကို ၂,၁၀၀ ကျပ်မှာပဲ ရှိနေဆဲဖြစ်ပြီး နိုင်ငံခြားငွေလဲလှယ်ရာမှာ ဗဟိုဘဏ် သတ်မှတ်တဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်းရဲ့ ဝ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းမှာပဲ သတ်မှတ်ဆောင်ရွက်ဖို့ ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ထားတာပါ။
ဒါပေမဲ့ ဇွန် ၂၀ ရက်နေ့ ပြင်ပ နိုင်ငံခြားငွေဈေးကွက်မှာ တဒေါ်လာကို မြန်မာငွေ ကျပ် ၃,၀၀၀ ကျော်အထိ မြင့်တက်နေပါတယ်။
အလားတူ ရွှေဈေးကလည်း ဒေါ်လာဈေးနဲ့အပြိုင် တကျပ်သားကို ၃,၁၄၀,၀၀၀ ကျပ် ဝန်းကျင်အထိ ထိုးတက်နေပြီး ရန်ကုန်ဈေးကွက်မှာရော မန္တလေးဈေးကွက်မှာပါ စစ်ဆေး ဖမ်းဆီးမှုတွေ များလာတာကြောင့် အရောင်းအဝယ်တွေ ရပ်သလောက်ဖြစ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တဦးက “ရန်ကုန်မှာလည်း ခေါ်စစ်တာတွေ လုပ်လိုက်တော့ အရောင်းအဝယ်ကတော့ အတော်နည်းသွားတယ်၊ မရှိသလောက်ပါပဲ။ သူတို့ကလည်း သိန်း ၃၀ ကျော်ရင် ဖမ်းမယ် ဘာညာလည်း ပြောထားဖူးတာရှိတော့ အဖမ်းအဆီးတွေ ဖြစ်မှာလည်း ကြောက်ကြတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက အမေရိကန်တဒေါ်လာရဲ့ ကျပ်ငွေလဲနှုန်း ၂,၉၀၀ အထိ ရည်ညွှန်းတန်ဖိုးကို ဗဟိုဘဏ်က တိုးမြှင့်သတ်မှတ်မယ်လို့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပေမဲ့ စစ်ကောင်စီ ဗဟိုဘဏ်ဘက်ကတော့ ငြင်းချက်ထုတ်ခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်တပ်လက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်က စီးပွားရေး ပိတ်ဆို့မယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အကျိုးဆက်အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ သင်္ဘောသား လုပ်ခလစာ အပါအဝင် မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု ရှိနိုင်ပြီး ဒေါ်လာဈေးတက်လာဖွယ် ရှိတယ်လို့ သုံးသပ်နေကြပါတယ်။