မြန်မာနိုင်ငံတွင်း ပြင်ပဒေါ်လာဈေးက ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ တဒေါ်လာကို ကျပ် ၅,၀၆၀ ထိ မြင့်တက်လာပြီး အခေါက်ရွှေဈေးက သိန်း ၆၀ ဝန်းကျင်ထိ မြင့်တက် ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ပေးပြီး ဘဏ်တွေရဲ့ ငွေသားလိုအပ်ချက်ကို ဖြည့်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေအပြီးမှာ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု လျော့ကျလာပြီး ရွှေနဲ့ ဒေါ်လာအပေါ် ရင်းနှီးမြှုပ်နှံမှု ပိုလာတာကြောင့် ဖြစ်တယ်လို့ ငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတဦးက “ဘဏ်ကထုတ်တဲ့ ငွေစက္ကူအသစ်တွေ ဂယက်ကြောင့် ဒေါ်လာဈေးက ထပ်တက်လာတာ။ ငွေတန်ဖိုး ထပ်ကျနိုင်တယ်ဆိုပြီး ဒေါ်လာပြောင်းကိုင်ကြတာ များတော့ ဈေးတက်လာတဲ့သဘောပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လပိုင်းက အမေရိကန် တဒေါ်လာကို ငွေကျပ် ၄,၅၀၀ ဝန်းကျင်မှာ အချိန်အတော်ကြာ ငြိမ်နေခဲ့ရာက ဘဏ်သတင်းဂယက်တွေနဲ့အတူ အမေရိကန် ဒေါ်လာဈေးက ဇူလိုင်လဆန်းပိုင်းက စတင်မြင့်တက်လာခဲ့တာပါ။
အလားတူ ပြည်တွင်းရွှေဈေးကလည်း အခုလအစပိုင်းက အကယ်ဒမီ အခေါက်ရွှေ တကျပ်သားကို ငွေကျပ် ၅၃ သိန်းကျော် ရှိရာကနေ အခုအခါ ကျပ်သိန်း ၆၀ ဝန်းကျင်အထိ မြင့်တက်လာပါတယ်။
အခုလဆန်းပိုင်းက သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းကျော်ပြီး အိမ်ရာချေးငွေတွေ ထုတ်ချေးလို့ ပြည်တွင်းဘဏ် ၇ ဘဏ်ကို အရေးယူမယ်ဆိုပြီး စကစက ထုတ်ပြန်လိုက်ပြီးနောက်မှာ လူတွေက ဘဏ်လုပ်ငန်းတွေအပေါ် ယုံကြည်မှု လျော့ကျလာပြီး ဘဏ်အပ်ငွေတွေကို ထုတ်လာကြပါတယ်။
အဲဒီနောက် ဘဏ်တွေက ငွေသားထုတ်ပေးမှုကို ကန့်သတ်လိုက်တာကြောင့် ဘဏ်အပ်ငွေ လိုသလောက် ထုတ်မရတဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။