ကမ္ဘောဒီးယားက အဆင့်မြင့်အရာရှိတွေဟာ ဒေသတွင်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ အပါအဝင် တခြား ၇ နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံမှာ မြန်မာ့အရေး ဆွေးနွေးနေစဉ်မှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံက အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ ပြောလိုက်ကြောင်း ကမ္ဘောဒီးယားအခြေစိုက် ဖနွမ်းပင်ပို့စ် သတင်းစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။
ဇွန် ၁၉ ရက်က ဖနွမ်းပင်မြို့ ဘက်ခန်ရေဆိုးသန့်စင်စက်ရုံမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တုန်းကလည်း သူဟာ အဲဒီရေဆိုးသန့်စင်စက်ရုံ ဆောက်လုပ်ရေး စတင်ခြင်းအတွက် မိန့်ခွန်းပြောနေခဲ့ကြောင်း သူ့ရဲ့မိန့်ခွန်းမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စလို့သာ မှတ်ယူတာကြောင့် အဲဒီအချိန်က ဘာမှတ်ချက်မှ မပေးခဲ့ဘူးလို့ ဟွန်ဆန်က ပြောပါတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ဖြေရှင်းနိုင်ဖို့နေနေသာသာ ပိုပြီးဆိုးရွားလာနေတယ်လို့ သူကပြောခဲ့ကြောင်း ဖနွမ်းပင်ပို့စ်ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ၊ ပတ္တယားမှာကျင်းပခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းက ဦးဆောင်ပြီး ကမ္ဘောဒီးယားကိုယ်စားပြု အဖြစ် တက်ရောက်မှာဖြစ်ကြောင်း ဇွန် ၁၇ ရက်က ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ အရေးပေါ်ကိစ္စတွေရှိလာတာကြောင့် နိုင်ငံခြားရေးအတွင်းဝန် ခွန်ဖို့ခ်ကပဲ ကမ္ဘောဒီးယားနိုင်ငံကို ကိုယ်စားပြုအဖြစ် ဦးဆောင်တက်ရောက်ခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဇွန် ၁၈ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ပြန်ကြားချက်မှာတော့ ဒီဆွေးနွေးပွဲဟာ အာဆီယံအနေနဲ့ မဟုတ်သော်လည်း အာဆီယံရဲ့ မြန်မာ့ပဋိပက္ခဖြေရှင်းရေး ကြိုးပမ်းချက်ကို အထောက်အကူပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ အာဆီယံညီလာခံမှာလည်း ထိုင်းဟာ မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကို တင်ပြခဲ့ပြီးဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြန်ကြားချက်မှာ ဖော်ပြထားပါတယ်။
အဲဒီပြန်ကြားချက်မှာ ထိုင်းဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဝန်ကြီးအဆင့် နှစ်ကြိမ် အပါအဝင် အလွတ်တမ်းဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ အခုပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ သုံးကြိမ်မြောက်ဖြစ်ကြောင်း၊ ကီလိုမီတာ ၂,၄၀၀ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေပပျောက်ပြီး တည်ငြိမ်းအေးချမ်းနေတာကို မြင်လိုပါကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ထိုင်းကပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဘရူနိုင်း၊ ဗီယက်နမ်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။