စစ်ကိုင်းတိုင်း၊ ပဒူတိုက်နယ်၊ ပဒူရွာရှိ ရဲစခန်းကို စစ်ကောင်စီတပ်သားတွေက စီးနင်းတပ်စွဲထားပြီး ပဒူကျေးရွာနဲ့ စစ်ကိုင်းမြို့ကို မကြာခဏ ကူးသန်းသွားလာနေတဲ့အတွက် အဲဒီ စစ်ကိုင်း-ပဒူလမ်းမတလျှောက်က ကျေးရွာအားလုံး အိုးအိမ်စွန့်ခွာနေကြရပါတယ်။
အဲဒီကျေးရွာတွေကတော့ ပဒူကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ကျောက်ပနံကျေးရွာ၊ စာရေး(အရှေ့)ရွာ၊ စာရေး(အနောက်ရွာ)၊ ရွာသစ်ကျေးရွာတို့ဖြစ်ပြီး အဲဒီကျေးရွာအားလုံးက စစ်ကိုင်းမြို့ကနေ လက်ရှိစစ်တပ်စွဲထားရာ ပဒူကျေးရွာကို ရိက္ခာပို့တဲ့အချိန်တွေ၊ ပဒူကျေးရွာကနေ ထိခိုက်သေဆုံးစစ်သားတွေကို စစ်ကိုင်းမြို့ပေါ် ပြန်ပို့တဲ့အချိန်တွေမှာ အများဆုံး အသုံးပြုတဲ့လမ်းဖြစ်လို့ သေနတ်တွေ အတွဲလိုက် ပစ်ဖောက်ဖြတ်သန်း နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “သူတို့က ပဒူနဲ့ စစ်ကိုင်းကို မကြာခဏသွားနေတာ၊ သွားတိုင်းလည်း ရွာထဲမှာ သေနတ်တွေ ဘောက်လိုက်ဆွဲပစ်ကြတော့ ဘယ်သူနေရဲမတုန်း၊ အားလုံးထွက်ပြေးရတာပေါ့။ လချီပြီဆိုတော့ စားစရာ ရှားလာနေပါပြီ” လို့ ပြောပါတယ်။
ပဒူကျေးရွာ တရွာတည်းမှာတင် အိမ်ခြေ ၂,၅၀၀ ကျော်နဲ့ လူဦးရေ ၁၅,၀၀၀ လောက်နေထိုင်တဲ့ ရွာကြီးဖြစ်ပါတယ်။
အခု အဲဒီရွာက အိုးအိမ်စွန့်ခွာလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ထမင်းချက်ကျွေးရချိန်မှာ ၁ ရက်တည်း ဆန် ၇ တင်းခွဲလောက် ကုန်ကျကြောင်း အနီးနား ကျေးရွာတွေဆီက သိရပါတယ်။ ဒါကြောင့် လချီအောင် တိမ်းရှောင်နေရပြီး လုပ်ငန်းမလုပ်ရတဲ့အတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေ မြင့်မားလာနေတာ ဖြစ်ပါတယ်။