Home
မြန်မာသတင်း
တာချီလိတ်-မယ်ဆိုင် အစည်းအဝေး ပြန်ကျင်းပ၊ နယ်စပ်မှောင်ခို စောင့်ကြည့်ရေး ဆွေးနွေး 
DVB
·
June 20, 2023
97 meeting Thai Myanmar Border

ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားထားခဲ့တဲ့ ထိုင်း-မြန်မာ၊ တာချီလိတ်-မယ်ဆိုင် မြို့နယ်အဆင့် အစည်းအဝေးကို ရှမ်းပြည်နယ်အရှေ့ပိုင်းနယ်စပ်မြို့ တာချီလိတ်မြို့မှာ ဇွန် ၁၉ ရက်နေ့မှာ  ပြန်လည်ကျင်းပခဲ့ပြီး နယ်စပ်လုံခြုံရေးနဲ့ မှောင်ခိုစောင့်ကြည့်ရေးဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Maesaipress သတင်းဌာနက ဖော်ပြပါတယ်။

နယ်စပ်ဒေသ မြို့နယ်အဆင့် အစည်းအဝေးကို အရင်က ၄ လ တကြိမ်နှုန်းနဲ့ နှစ်နိုင်ငံ အလှည့်ကျ ကျင်းပခဲ့ကြပြီး ကိုဗစ်ကာလ နောက်ဆုံးအဖြစ် ၉၆ ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ဒီဇင်ဘာ ၁၈ ရက်က ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်က မယ့်ဖားလုံတက္ကသိုလ် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ သက်ဆိုင်ရာ ဥက္ကဋ္ဌတွေ တက်ရောက်ကြပြီး ဒါဟာ ၉၇ ကြိမ်မြောက် ကိုဗစ်အလွန်ကာလမှာ အလှည့်ကျအနေနဲ့ မြန်မာနိုင်ငံဘက်အခြမ်းမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

နယ်စပ်ဒေသ မြို့နယ်အဆင့် မြန်မာ-ထိုင်း နယ်ခြားကော်မတီရဲ့ ဖွဲ့စည်းပုံအနေနဲ့ နှစ်နိုင်ငံကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးနေရာမှာ စစ်တပ်အရာရှိတွေဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် နှစ်နိုင်ငံ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့နဲ့ မြို့နယ်လဝကတို့ ပါဝင်ကာ အလှည့်ကျ ဌာနဆိုင်ရာအဖွဲ့တွေက လေ့လာသူအဖြစ် အမည်စာရင်းသွင်း တက်ရောက်ကြရတာပါ။

အစည်းအဝေးပွဲမှာ နှစ်ဖက်နိုင်ငံနယ်နိမိတ် နယ်စပ် ‌မယ်ဆိုင်ချောင်းကိစ္စကို အဓိကထား ဆွေးနွေးခဲ့ကြပြီး မယ်ဆိုင်ချောင်းဘေးတလျှောက် ခွင့်ပြုချက်မဲ့ အဆောက်အဦတွေ ဆောက်လုပ်တာနဲ့ အုတ်တံတိုင်း ခြံစည်းရိုးတွေ ကာရံထားမှုနဲ့ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန် တားမြစ်စည်းကမ်းတွေ ထုတ်ခဲ့ကြပါတယ်။

မယ်ဆိုင်ချောင်းတလျှောက်ကို ထိုင်းအာဏာပိုင်တွေဘက်က ကင်းလှည့်သလိုမျိုး မြန်မာနိုင်ငံ ဒေသအာဏာပိုင်တွေ ဘက်ကလည်း ကင်းလှည့်မှုတွေပြုလုပ်ကာ တရားမဝင်ပစ္စည်းမှောင်ခို၊ လူမှောင်ခိုမှုတွေကို စောင့်ကြည့်ပေးဖို့ ထိုင်းဘက်က ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါအစည်းအဝေးပွဲမှာ တာချီလိတ်မြို့ဘက်က အဝိုင်းပတ်မှာ ဖြစ်နေကျ ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းဖို့နဲ့ ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်နိုင်ရေး သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စီမံချက်တွေနဲ့ မြန်မာဘက်က မယ်ဆိုင်ချောင်းထဲကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီ အာဏာသိမ်းယူပြီးကတည်းက ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်၊ မယ်ဆိုင်ဘက်မှာ တာချီလိတ်က ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းဆီးရမိနေပြီး နှစ်နိုင်ငံ နယ်ခြားစောင့်စစ်တပ်နဲ့ အာဏာပိုင်တွေ ပူးပေါင်းကာ နယ်စပ်လုံခြုံရေး ကင်းလှည့်တာတွေ၊ ပူးပေါင်း မူးယစ်တားဆီးနှိမ်နင်းရေး စီမံချက်တွေ ပြုလုပ်ခဲ့ကြပါတယ်။

Source - Maesaipress

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024