ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးဟောင်း ရဲခိုင်ကို ဇွန် ၁၉ ရက် ည ၇ နာရီလောက်မှာ မြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခုက ရှင်းလင်းခဲ့တယ်လို့ Urban Owls တပ်ဖွဲ့ဆီက သိရပါတယ်။
စစ်ကောင်စီစစ်တက္ကသိုလ် အပတ်စဥ် ၄၂ ကျောင်းဆင်း ဗိုလ်မှူးဟောင်း ရဲခိုင်ဟာ အေရှားဝေါကုမ္ပဏီဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်ရဲ့ လူယုံတစ်ဦးဖြစ်ပြီး လက်ရှိစစ်ကောင်စီတပ်ရဲ့ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုုပ်မှူးကြီး စိုးဝင်းရဲ့ တပည့်ရင်းလည်း ဖြစ်ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေနဲ့ ပိတ်ဆို့စစ်ဆေးတာ၊ ပြည်သူဘက်ရပ်တည်သော အနုပညာရှင်တွေကို လေဆိပ်မှာ ဖမ်းဆီးတာ၊ CDMတွေကို ဖမ်းဆီးငွေညှစ်တာ၊ မြန်မာပြည်ရဲ့ ထင်ရှားကျော်ကြားသူတွေကို လေဆိပ်မှထွက်ခွာခွင့်ပိတ်ပင်တာတွေကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်သလို ငွေညှစ်ခြိမ်းခြောက်မှုတွေနဲ့ နာမည်ကျော်ကြားနေလို့ ရှင်းလင်းခဲ့ရတာလို့ Urban Owls တပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
"တော်လှန်ရေးသမားတွေ၊ CDM တွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေအပြင် သာမန်ခရီးသွားပြည်သူတွေကိုပါ နိုင်ထက်စီးနင်းလုပ်နေတာဖြစ်တယ်။ အခုလို လေဆိပ်မှာ အနိုင်ကျင့်၊ လာဘ်စား၊ ဖမ်းဆီးညှဉ်းပန်းနေတဲ့ လုံခြုံရေးတာဝန်ခံတွေ၊ စစ်ဘက်တာဝန်ခံတွေ၊ လေကြောင်းလိုင်းတာဝန်ခံတွေရဲ့ အချက်အလက်တွေ ကျနော်တို့လက်ထဲ ရထားပြီ။ ဒီလိုစစ်ကောင်စီလက်ပါးစေတွေကို ကျနော်တို့ အောင်အောင်မြင်မြင်ရှင်းလင်းနိုင်ခဲ့တယ်၊ နောက်လည်းထပ်ပြီး ပစ်မှတ်ထားတိုက်ခိုက်သွားဦးမယ်။ အခုဆိုရင် ရန်ကုန်အခြေစိုက် PDF တပ်ဖွဲ့လည်းရှိနေပြီ။ ရန်ကုန်အပါအဝင် တတိုင်းပြည်လုံးမှာ အရှိန်မြှင့်လာပြီဖြစ်တဲ့ တန်ပြန် တိုက်စစ်မှာ ပြည်သူတွေအနေနဲ့လည်း တက်တက်ကြွကြွရှိဖို့ တိုက်တွန်းပါတယ်။"
အသက် ၄၆ နှစ် အရွယ် ဦးရဲခိုင်ဟာ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာ လမ်းသွယ်(၁)၊ အမှတ်(၂၀) နေအိမ်ကို ကားနဲ့ပြန်လာချိန် နေအိမ်ရှေ့ ခြံစည်းရိုးဝင်/ထွက်တံခါးအနီးအရောက် မှာပစ်သတ်ခံရတာပါ။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကလည်း ဗိုလ်ချုပ်ကြီးမြတ်ဟိန်းရဲ့နဲ့ နီးစပ်တဲ့ ထားဝယ် အထူးစီးပွါးရေးဇုန်ဥပဒေအကြံပေး ဦးမင်းတေဇညွန့်တင်ကို Urban Owls တပ်ဖွဲ့ကပဲ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။