မန္တလေး၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေး ကန်ပတ်လမ်းမှာ ဇွန် ၁၈ ရက် ညပိုင်းက လူ ၄ ဦးပါ အဖြူရောင် တိုယိုတာ Insight ကားတစီး တိမ်းမှောက်ခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သီရိဆင်ကာအသင်းက ပြောပါတယ်။
အဆိုပါ အိမ်စီးကားမှာ ပါလာသူတွေက မိသားစုဝင်တွေဖြစ်တယ်လို့ သိရပြီး မန္တလေးကနေ ပြန်လာချိန် ည ၉ နာရီ ၄၅ မိနစ်လောက်က ကန်ပတ်လမ်း၊ ရေထိန်းတံခါးအနီးရှိ ကျောက်ပုံတခုကို တိုက်မိရာက မြောက်တက်ပြီး တိမ်းမှောက်သွားခဲ့တာပါ။
ကားပေါ်မှာ ယောက်ျားလေး ၂ ဦး၊ ဖခင်ဖြစ်သူ အမျိုးသားနဲ့ အမေဖြစ်သူ အမျိုးသမီးတို့ လိုက်ပါလာကြတာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကနေ အသက် ၃၈ နှစ်အရွယ် ဖခင်ဖြစ်သူ ကိုရဲဦးထွန်းနဲ့ အသက် ၅ နှစ်အရွယ် သားဖြစ်သူ မောင်ကောင်းစည်သူတို့ သေဆုံးသွားကာ အမေဖြစ်သူမှာ လက်နဲ့ပေါင် ထိခိုက်ဒဏ်ရာ၊ ကျန်ကလေးတဦးမှာ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
သီရိဆင်ကာကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “ည ၁၀ နာရီလောက်မှာ ရေထိန်းတံခါးနားက ကျောက်ပုံလေးတခုကို အရှိန်နဲ့ဝင်တိုက်ပြီး ဂျွမ်းပြန်ကျတာ။ သားအဖလေးယောက် ပါတယ်၊ အမေနဲ့ သားအငယ်က အသက်ရှင်တယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ယာဉ်မောင်းအမျိုးသားဟာ အောင်မြင်ရေးဆီဆိုင်ပိုင်ရှင်ရဲ့သား ဖြစ်တယ်လို့ သိရပြီး သေဆုံးသူ ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို သီရိဆင်ကာအသင်းယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီး ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။