ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မဟာမိတ်ညီနောင် ၅ ဖွဲ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပြောက်ကျားသပိတ်ဆင်နွှဲခဲ့ကြတယ်လို့ Monywa Revolution Force - MRF က ထုတ်ပြန်ပါတယ်။
ပြောက်ကျားသပိတ်တွေကို စစ်ကောင်စီတပ်တွေ အထိုင်ချ တပ်စွဲထားတဲ့ နေရာတွေဖြစ်တဲ့ စွမ်းရည်ထက်ဆီဆိုင်အနီး တနေရာ၊ ကညနရုံးအနီး တနေရာ၊ ရေဦးဆန်ဆိုင်ဂိတ်အနီး တနေရာ၊ စက်မှုဇုန် သုံးထောင့်ချွန်းအနီး တနေရာနဲ့ ပျူစောထီးတွေ နေထိုင်ရာ တောပုကျေးရွာအဝင် စတဲ့နေရာတွေ အနီးအနားထိ သွားရောက်ပြီး ပန်းသပိတ်၊ လမ်းလျှောက်သပိတ်ပြုလုပ်ကာ လူထုခေါင်းဆောင် အချုပ်အနှောင်မှ အမြန်ဆုံး လွတ်မြောက်စေဖို့အတွက် ဆန္ဒပြု ဆုတောင်းဂုဏ်ပြုခဲ့ကြပါတယ်။
မုံရွာမြို့မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် Monywa People Force - MPF Support Team က စစ်ကောင်စီတပ်ရင်း ခမရ ၁၆ အနီးနဲ့ ကန်သာယာတို့မှာ သပိတ်မှောက် ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
MPF မှ ကိုနွေဦးသပြေက “အမေအနေနဲ့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံနိုင်ပါစေ။ အာဏာရူးတသိုက်ရဲ့ ချုပ်နှောင်ခြင်းမှ အမြန်ဆုံး လွတ်မြောက်နိုင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဆက်လက်ဦးဆောင် ခေါ်ဆောင်သွားနိုင်ပါစေ။ ကောင်းသောဆန္ဒများ အမြန်ဆုံးပြည့်မြောက်နိုင်ပါစေလို့ တောင်းဆုပြုပါတယ်ဗျ။ အမေ့အနေနဲ့ အားတင်းထားပါအုံးလို့ ကျနော်တို့တွေ အမေ့အတွက် တရားမျှတမှုနဲ့ အမှန်တရားက အနိုင်ရသည်အထိ စည်းလုံးညီညွတ်စွာ ဆက်လက်ကြိုးစားသွားပါ့မယ်။ အမေတည်ဆောက်နေတဲ့ ဒီမိုကရေစီကိုလည်း ပြီးဆုံးအောင် ကြိုးစားပါ့မယ်လို့လည်း အမှာစကား ပါးချင်ပါတယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။
Monywa Revolution Force - MRF အဖွဲ့နဲ့အတူ One Way Revolution Force၊ Royal God People Defence Force - RGPDF၊ Yarkuzar Revolution Force နှင့် Monywa Dynamite STS မဟာမိတ်ညီနောင်တွေ ပူးပေါင်းကာ မွေးနေ့ကိတ်ခွဲပြီး ပြောက်ကျားသပိတ် ဆင်နွှဲခဲ့ကြပါတယ်။