ဇွန်လ ၁၉ ရက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့မှာ မြင်းခြံခရိုင်တပ်ရင်း-၆ တပ်ခွဲ-၁ နောင်ရိုးအထူးပြောက်ကျားတပ် (NYSGF) အဖွဲ့က မွေးနေ့အထိမ်းအမှတ်အဖြစ် အညာဒေသတနေရာမှာ ပန်းသပိတ် ပြုလုပ်ခဲ့ပါတယ်။
“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ၊ ဇွန် ၁၉ မပါဘဲ ပြက္ခဒိန်လုပ်ချင်လို့ မရ၊ ပန်ထားတဲ့ ပန်းတပွင့်ရဲ့ ရနံ့က ကမ္ဘာကို ကိုင်လှုပ်ပစ်နိုင်တယ်၊ Mother Su 78th Happy Birthday စတဲ့ စာသားပါ ဆိုင်းဘုတ်တွေ ကိုင်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ပြီး “78 Happy Birthday” ဆိုတဲ့ စာသားကို စက္ကူပန်းပွင့်တွေနဲ့ ပုံဖော်ထားတာကို တွေ့ရပါတယ်။
နောင်ရိုးအထူးပြောက်ကျားတပ် သတင်းပြန်ကြားရေးတာဝန်ခံ ကိုဒီပက “အမေစုရဲ့ ၇၈ နှစ်ပြည့် မွေးနေ့ကို အမှတ်တရအနေနဲ့ လုပ်ဖြစ်တာပါ။ ပန်းတွေအရမ်းကြိုက်တဲ့သူဆိုတော့ ပန်းသပိတ်ပေါ့” လို့ ပြောပါတယ်။
“အမေစု ကျန်းမာစွာ အသက်ရှည်ပါစေ၊ ဘေးရန်ကင်းကင်းနဲ့ လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်၊ အာဏာရှင်စနစ်ဆိုးကို ချုပ်ငြိမ်းကင်းစင် ပပျောက်အောင် ကြိုးပမ်းကြပါစို့ လို့ နောင်ရိုးအထူးပြောက်ကျားတပ်ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ညသန်းခေါင်ယံကတည်းက အဓမ္မဖမ်းဆီးထားတာဖြစ်ပြီး အခုအချိန်အထိ နေပြည်တော် အချုပ်ထောင်မှာ အကျဉ်းချထားတာဖြစ်ပါတယ်။
ဓာတ်ပုံ [ NYSGF ]