ဇွန် ၁၉ ရက် ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့မှာ ထားဝယ်ခရိုင် ကံပေါက်ဒေသမှ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်တခုဖြစ်တဲ့ "တကယ့်အကျဉ်းထောင်ဟာ ကြောက်ရွံ့ခြင်းဖြစ်ပြီး စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေးဖြစ်တယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်းတွေပန်ဆင်ပြီး အကြမ်းမဖက် လူထုလှုပ်ရှားမှုတခုကို ဇွန် ၁၉ ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ကံပေါက်သပိတ်စစ်ကြောင်းက အမှတ်တရသစ်ပင်စိုက်ပျိုးပြီး အခမ်းအနား ပြုလုပ်ခဲ့ကာ ၂၀၂၂ ခုနှစ် မွေးနေ့မှာတော့ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့က ဂုဏ်ပြုတေးသီချင်းသီဆို လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ်မွေးနေ့မှာတော့ လုံခြုံရေးအခက်အခဲကြောင့် ပန်းသပိတ်ကိုသာ ဆင်နွှဲခဲ့ပါတယ်။
ဒီမိုကရေစီအရေးသပိတ်လှုပ်ရှားမှုကော်မတီ ထားဝယ်ခရိုင် ကလည်း ဇွန် ၁၉ ရက်မှာ အထက် ဖော်ပြပါခေါင်းစဉ်နဲ့ ချီတက်လှုပ်ရှားမှု ပြုလုပ်မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အနီရောင်အင်္ကျီဝတ်ဆင်ကာ ပန်းပွင့်များပန်ဆင်ပြီး ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။
နိုင်ငံအနှံ့အပြားရှိ ပြည်သူတွေ၊ အဝေးရောက် ပြည်သူတွေအနေနဲ့လည်း ပန်းသပိတ်အနေနဲ့ ဘုရားပန်းအိုးအသစ်တင်တာ၊ ပန်းတွေပန်ဆင်တာ၊ ပန်တွေပြင်ဆင်တာ စတဲ့ ပန်းနဲ့ဆက်နွယ်တဲ့ လှုပ်ရှားမှုမျိုးစုံမှာ ပါဝင်ပေးဖို့နဲ့ အနုပညာရှင်တွေနဲ့ social influencers တွေကလည်း ခွန်အားဖြည့်မိငယ် သွေးမုန်တိုင်း အရေးကြီးပြီ စတဲ့ တော်လှန်အားဖြည့် သီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ပြီး ပါဝင်သွားကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။