Home
မြန်မာသတင်း
ညောင်ပင်ကြီးရွာသားများကို ကာကွယ်ရေးတပ်ဖွဲ့က အားပေးစကားပြောပြီး ရိက္ခာထောက်ပံ့
DVB
·
June 18, 2023
000000

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာက ရွာခံတွေကို ဒေသခံကာကွယ်ရေးတပ်က ဇွန် ၁၇ ရက် ညနေပိုင်းမှာ သွားရောက်တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်တဲ့ စားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

ဇွန် ၉ ရက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေပေါင်းပြီး ညောင်ပင်ကြီးရဲစခန်းကို တိုက်ခိုက်ခဲ့ ပြီးနောက်  စစ်တပ်က ညောင်ပင်ကြီးရွာကို ဆက်တိုက်မီးရှို့နေတာကြောင့် ရွာနေပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

ဇွန် ၁၇ ရက်မှာတော့ ညောင်ပင်ကြီးကျေးရွာကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ကာ အားပေးစကား ပြောကြားခဲ့ပြီး စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဆားလင်းကြီးပကဖအဖွဲ့ဝင် ကိုလက်ျာက ပြောပါတယ်။

"မီးရှို့နေတာ ဒီနေ့နဲ့ဆို ၁၀ ရက်ရှိပါပြီ၊  ပြည်သူတွေကိုသာ အားပေးနေရတာ အများကြီး‌ဆုံးရှုံးခဲ့ ရတော့ ကိုယ်တိုင်လည်း စိတ်မကောင်းဘူး"

သွားရောက်ထောက်ပံ့တဲ့နေရာမှာ စားရေးသောက်ရေးအတွက် ဆန်ဆီ‌ဆားနဲ့ အသီးအနှံတွေ အဓိကထောက်ပံ့ပေးခဲ့ပြီး တိုက်ပွဲအတွင်းမှာ မတော်တဆထိခိုက် ဒဏ်ရာရတဲ့သူတွေကိုတော့ ငွေကြေးထောက်ပံ့ပေးပြီး ဆေးရုံဆေးခန်းတွေကို ပို့‌ဆောင်ပေးတယ်လို့ ဆိုပါတယ်။ 

မီးရှို့ခံရတာနဲ့ပတ်သတ်ပြီး ပြည်သူတွေက တစုံတရာပြစ်တင်ပြောဆိုတာမျိုးမရှိဘဲ လုပ်စရာရှိတာကိုသာ ဆက်လက်လုပ်ဆောင်ဖို့ ပြည်သူတွေက ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ပြန်ပြီးအားပေးခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်ရာမှာပါဝင်တဲ့ စစ်ဘေးရှောင်တဦးက "လုပ်စရာရှိတာဆက်လုပ်ကြပါ၊ ဒီစစ်တပ်ကိုပဲ အမြစ်ဖြတ်ပေးရင်ရပါပြီ" လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆားလင်းကြီးပကဖအဖွဲ့ဝင် ကိုလက်ျာက ပြည်သူတွေကို အားတင်းထားဖို့နဲ့ တတ်နိုင်သလောက်ကူညီအားပေးဖို့ အသင့်ရှိကြောင်း ပြောခဲ့ပါတယ်။ 

"တော်လှန်ရေး‌ရဲဘော်တွေအနေနဲ့က လုပ်ရပ်တခုကိုမလုပ်ခင်မှာ အခြေအနေကို သေချာ သုံးသပ်ပြီးမှ ဆက်လက်‌လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။  သေချာသုံးသပ်ခဲ့ပေမယ့် ခုလိုမျိုး ထိခိုက်ဆုံးရှုံးမှုတွေများလာတဲ့အခါမှာ ရင်ဆိုင်ရတဲ့အခက်အခဲတွေပိုများလာတယ်။"

စစ်ကောင်စီဘက်က ညောင်ပင်ကြီးရဲစခန်းဧရိယာကို ပိုမိုချဲ့ထွင်ဖို့ကြိုးပမ်းနေတဲ့သတင်းတွေ ထွက်ပေါ် နေပေမဲ့ ဒေသကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့  အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024