၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ရပ်နောက်ပိုင်း မြန်မာနိုင်ငံမှာ တိုးတက်လာတဲ့ အရိပ်အယောင်တောင် မရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် (Vivian Balakrishnan) က အမေရိကန်ခရီးစဉ်မှာ ပြောကြားခဲ့တယ်လို့ ဇွန် ၁၆ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထနီ ဘလင်ကန်ကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲ ဖြစ်တယ်လို့ သူ့အမြင်ကို မျှဝေခဲ့ပြီး ဝါရှင်တန်မြို့မှာ သူတို့နှစ်ဦး တွေ့ဆုံခဲ့ ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးချိန်ကတည်းက အကြမ်းဖက်မှုတွေနဲ့အတူ အခြေအနေ ရှုပ်ထွေးနေခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ ဒီမိုကရေစီလိုလားတဲ့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုတွေကို ရှေ့တန်းစစ်မျက်နာများစွာမှာ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
လူ့အခွင့်အရေးနဲ့ ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူအချို့ကတော့ မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်လို့ ကောက်ချက်ချပါတယ်။
ဒီအပေါ်မှာ စစ်ကောင်စီဘက်က တိုင်းပြည်ကိုဖျက်ဆီးဖို့ ရည်ရွယ်ထားတဲ့ အကြမ်းဖက်သမားတွေအပေါ် တိုက်ခိုက်နေတာသာ ဖြစ်ကြောင်း တုံ့ပြန့်ပါတယ်။
ဒါ့အပြင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက "မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာရေးအတွက် နောက်ဆုံးတကြိမ်မှာ ၂၅ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ ဒီတခေါက်မှာတော့ အဲ့ဒီလောက် မကြာနိုင်ဘူးလို့ မျှော်လင့်ထားပါတယ်။ ဒါဟာ ကျန်ရှိနေတဲ့ ကျနော်တို့ အားလုံးအတွက် အလွန်ကို အရေးကြီးပါတယ်" လို့ မှတ်ချက်ပေးခဲ့တာပါ။