တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ တည်းခိုခန်း၊ နေအိမ်တွေနဲ့ စားသောက်ဆိုင်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဗျူစောထီးတွေက ဇွန် ၁၅ရက် ညပိုင်းမှာ ဧည့်စာရင်း အကြောင်းပြချက်နဲ့ အရပ်သား ၁၅ ဦးကိုဖမ်းဆီးပြီး ငွေကြေး ခြိမ်းခြောက်တောင်းယူခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဧည့်စာရင်းစစ်ရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေ မပါဝင်ဘဲ ဗိုလ်ကြီး လင်းထက်ဝင်း ဦးဆောင်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဗျူစောထီးအဖွဲ့ဝင် ကိုရန်မျိုးအောင်နဲ့ ကိုသန်းဇော်တို့က လာရောက်စစ်ဆေးခဲ့ပြီး ငွေကြေး ခြိမ်းခြောက်တောင်းယူမှုခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ဧည့်စာရင်းလာစစ်တာမျိုးမဟုတ်ဘဲ ငွေလိုချင်လို့လာပြီး ခြိမ်းခြောက်တဲ့သဘောမျိုးနဲ့ လုပ်ကြတာပါ။ ရပ်ကွက်တွေမှာ မစစ်ဆေးခင် ရွှေပြည်သာရပ်ကွက် ရွှေပြည်သာဘုန်ကြီးကျောင်းရှေ့မှာ ကားတွေကို အကြောင်းရှာပြီး အချိန်ဆွဲ စစ်တယ်။ သွားဖို့ အရေးကြီးတဲ့ကားတွေက မစစ်မခံချင်လို့ ၁ စီးကို ၁ သိန်းတောင်းတယ်။ အစစ်ခံရတဲ့ကားတွေက ၁၃ စီးလောက်ရှိတယ်။”
ဧည့်စာရင်းစစ်လို့ ဖမ်းဆီးခံရသူတွေက ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်ထားတယ်ဆိုပြီး ပြောပေမဲ့ ရပ်ကွက်ရုံးမှာ တိုင်ထားတဲ့ ဧည့်စာရင်းဟာ တရားမဝင်ဘူးဆိုကာ ငွေကြေး ခြိမ်းခြောက်တောင်းယူခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“တည်းခိုခန်းမှာ မိတဲ့သူက ၄ သိန်းပေး လိုက်ရတယ်။ ကျန်လူတွေဆီက ၅ သောင်းဆီတောင်းတယ်။ ဧည့်စာရင်းဟာ တရားဝင်တိုင်ထားလည်း ဒဏ်ငွေရိုက်ခံထိတာပဲ။”
ဇွန် ၁၃ ရက်မနက် ၁ နာရီခွဲလောက်ကလည်း ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ တည်းခိုခန်းတချို့နဲ့ ရပ်ကွက်အတွင်းရှိ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးက ဧည့်စာရင်းစစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူ ၂၀ကျော်ကို ဖမ်းဆီးပြီး ငွေကြေး ခြိမ်းခြောက်တောင်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။