ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ လူစည်ကားရာ ဈေးလမ်းဆုံမှာ ဇွန် ၁၅ ရက် မနက် ၉ နာရီ ၁၅ မိနစ်လောက်က အမျိုးသားတယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လူက နွမ်းနွမ်းပါးပါးပုံစံပဲ။ လမ်းကူးနေတုန်း ကားပေါ်ကနေ အပစ်ခံရတာ။ ကားက ထွက်ပြေးသွားတယ်” လို့ လဲချား ဒေသခံတဦးက ပြောပါတယ်။
အသက် ၄၀ အရွယ် အဲဒီအမျိုးသားဟာ သေနတ်ဒဏ်ရာ သုံးချက်နဲ့ သေဆုံးသွားကာ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာတော့ မသိရဘူးလို့ ဖြစ်စဥ်ကို မြင်တွေ့ခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။
လဲချားမြို့ဟာ လွိုင်လင်ခရိုင်အတွင်း တည်ရှိပြီး လတ်တလော အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်တို့ စစ်ရေးတင်းမာနေတဲ့ ဒေသဖြစ်ပါတယ်။
လဲချားမြို့နယ် လဲချား-ပန်လုံလမ်းမကြီးရဲ့ တောင်ဘက်အရပ်ရှိ SSPP/SSA ယာယီတပ်စခန်း ၁၀ ခုကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီတပ်က ဇွန် ၉ ရက်နဲ့ ၁၁ ရက်နေ့တွေက အခုလအတွင်း သတိပေးအကြောင်းကြားစာပို့လာတာကို SSPP ဘက်က လက်မခံတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က ဒေသအတွင်း စစ်အင်အားရာနဲ့ချီ ဖြည့်ထားတယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။
“ကျနော်တို့ကို လဲချား-ပင်လုံ မိုင်းနောင်လမ်းရဲ့ တောင်ဘက်ကနေ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က နှစ်ကြိမ်သတိပေးခဲ့ပါတယ်။ ကျနော်တို့ဘက်ကလည်း ဘယ်လိုမှ နုတ်ထွက်ပေးလို့မရဘူးဆိုလို့ အခုစစ်ကောင်စီဘက်က အင်အား ၃၀၀ လောက် ကျနော်တို့ရှိတဲ့ဘက်ကို လာကပ်ထားတယ်။ သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျနော် တို့ဘက်ကလည်း အသင့်ပြင်ထားပြီးဖြစ်ပါတယ်။ နုတ်ထွက်ပေးဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး" လို့ လဲချားဒေသရှိ SSPP/SSA အရာရှိတဦးက ပြောပါတယ်။