မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ ၁၀၁(A)လမ်းနဲ့ ၁၀၂ လမ်းကြားရှိ စစ်ကောင်စီပြည်တွင်းအခွန်ဦးစီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ၊ အခွန်ရုံး (၅)၊ ကားရပ်နား နေရာမှာ ဇွန်လ ၁၅ ရက် မနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲခဲ့ပြီး ဝန်ထမ်း တယောက်နဲ့ ကား နှစ် စီး ဗုံးစမှန် ထိခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ မနက် ၁၀ နာရီခွဲလောက်က ဆိုင်ကယ်တစီးပေါ်ကနေ အခွန်ရုံးဝန်းထဲ ဗုံးပစ်ပေါက်ခဲ့တာလို့ သိရပြီး ကားရပ်နားရာနေရာက အိမ်စီးကား၂စီးကြားမှာ လက်လုပ်ဗုံးတလုံး ကျကွဲခဲ့တာပါ။
ချမ်းမြသာစည်မြို့ခံ တဦးက “ အခွန်ရုံးမှာ ပေါက်ကွဲတာ၊ဝန်ထမ်းပိုင်းက တဦး ထိထားတယ်၊ ဘယ်ခြေထောက် ညို့သကျည်းနားထိသွားတာ၊ ကားတွေကြားထဲ ပေါက်တာလို့ ပြောတယ်၊ စစ်ကား တစီးတော့ အဲ့ဒီအရှေ့မှာ ရပ်ထားတယ်၊ လမ်းပိတ်တာတွေတော့ မရှိပါဘူး " လို့ ပြောပါတယ်။
လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် အသက် ၅၀ ကျော်အရွယ် အခွန်ရုံးအကြီးတန်းစာရေးတယောက်ရဲ့ ဘယ် ခြေထောက် ဗုံးစမှန်ဒဏ်ရာ၊ အိမ်စီးကား နှစ်စီးရဲ့ နောက်ဖုံးမှာ ဗုံးစထိမှန်သွားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူကို မန္တလေးဆေးရုံကို ပို့ဆောင်ပေးထားပြီး စစ်ကောင်စီဘက်က စစ်ဆေးနေကာ အဆိုပါရုံးလည်း ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၅ ရက်ကလည်း ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းမ၊ အမှတ် ၅၉/၆၄ သုံးလွာရှိ စစ်ကောင်စီ အလယ်အလတ်အခွန်ဝန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး (၃) မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အခွန်ဝန်ထမ်းအပါအဝင် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။