စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲ ဝင်ရောက်ကာတပ်စွဲထားပြီး ပြည်သူပိုင် ပစ္စည်းဥစ္စာတွေကို မတရားသိမ်းဆည်း ရောင်းချနေတယ်လို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက ဇွန် ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ အများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဘန်းလမွတ်ရွာ၊ ညောင်ပင်ကုန်းရွာ၊ ကမ်းတိုရွာနဲ့ ရမ်းဖိုရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်တပ်စွဲကာ နေအိမ်တွေမှာရှိတဲ့ ပြည်သူပိုင်ပစ္စည်းတွေနဲ့ အိုးခွက်တွေပါမကျန် မတရားသိမ်းဆည်း ရောင်းချနေတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက "ဒီရွာတွေမှာလူမရှိကြတော့ဘူး။ အိမ်တိုင်းလိုလိုပိတ်ထားကြတယ်။ လက်နက်ကြီးအမြဲပစ်တော့ ထွက်ပြေးကုန်ကြတာ။ စစ်တပ်က ဒီရွာတွေမှာဝင်ပြီး အိမ်တွေမှာ တပ်စွဲထားတယ်" လို့ ပြောပါတယ်။
အဆိုပါကျေးရွာတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတဲ့အတွက် ဘေးလွတ်တဲ့ နေရာဒေသတွေကို ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြတဲ့အပြင် ကျေးရွာတွေထဲက ကျန်ရက်သူတချို့ကိုလည်း စစ်တပ်က နေအိမ်ကနေ အတင်းဖယ်ရှားခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ခွပ်ဒေါင်းတမန်စစ်ကြောင်းရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက "အခုရွာထဲက အိမ်တွေ ကျောင်းတွေမှာ စစ်တပ်က တပ်စွဲထားတယ်။ ပြည်သူတွေရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေ အိမ်ထဲက အိုးတွေခွက်တွေ အားလုံးကိုပါ ယူသွားတယ်။ ဒီအိုးခွက်တို့ သံတိုသံစတွေကိုဆို မြိတ်မြို့ကနေ ပြန်ဝယ်တဲ့လူတွေဆီကို ရောင်းချနေတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေရှိ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးရုံမက အိမ်တွင်းသုံးပစ္စည်းတွေနဲ့ သံတိုသံစတွေပါမကျန် ရောင်းချနေပြီး စစ်ကောင်စီအလိုကျ လက်ခံဝယ်ယူနေကြတဲ့လူတွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူပိုင်ပစ္စည်းတွေကို ပြည်သူတွေရဲ့ခွင့်ပြုချက်မရှိဘဲ စစ်ကောင်စီတပ်နဲ့ပေါင်းကာ ဝယ်ယူနေတာကို စတင်ရပ်တန့်ဖို့နဲ့ သတိပေးချက်တွေကို မလိုက်နာပါက ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။