Home
မြန်မာသတင်း
စစ်တပ်မီးရှို့ဖျက်သွားသည့် ဝက်လက်မြို့နယ်ရှိ အိမ်ထောင်စု ၁၁၅ စုကို  ရိက္ခာလှူ
DVB
·
June 16, 2023
351527595_3532512917076155_2132608395120700422_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားတဲ့ ကျေးရွာတရွာက အိမ်ထောင်စု ၁၁၅ စုအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဟင်းချိုမှုန့်၊ ဖျာ၊ ခြင်း၊ အသားတု၊ ကြာဆံထုပ် စတဲ့ စားနပ်ရိက္ခာတွေကို ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဇွန် ၁၄ ရက်မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ် သပိတ်ကော်မတီရဲ့ တာဝန်ခံ ညို က “ဒီနေ့လှူဒါန်းတာပါ။ အကြိမ်ရေတွေက အများကြီးပါ၊ မှတ်တောင် မမှတ်မိတော့ဘူး။ မထုတ်ပြန်တာတွေလည်း ရှိတယ်။ ဒီနေ့ လှူဒါန်းမှုမှာ တန်ဖိုးအားဖြင့် ၂၇ သိန်းကျော်ပါ။ လူဦးရေက ၁,၀၀၀ ဝန်းကျင်ခန့် ရှိနိုင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဝက်လက်မြို့နယ်ဟာ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ကျေးရွာပေါင်း ၆၂ ရွာကျော် မီးရှို့ခံထားရတဲ့ အတွက် အကူအညီများစွာ လိုအပ်နေဆဲဖြစ်ပါတယ်။ အလှူရှင်တွေအနေနဲ့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တိုက်ရိုက် လာရောက် လှူဒါန်းနိုင်ပါတယ်” လို့လည်း ညိုက ပြောပါတယ်။

ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုလွင်မိုးသန့်ကလည်း “မီးရှို့ခံထားရတာကတော့ ကြာပါပြီဗျ။ အိမ်ခြေ ၁၁၅ လုံး မီးရှို့ခံခဲ့ရတာပါ။ ရွာအမည်တော့ မပြောပါရစေနဲ့။ လှူဒါန်းမှု တန်ဖိုးက တပါကင်ကို ကျပ် နှစ်သောင်းခွဲဖိုးပါ။ ၁၁၅ ပါကင် ဆိုတော့ ကျပ် ၂၈ သိန်းကျော်ဖိုးပါဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024