မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇွန်လ ၁၃ ရက် ညနေပိုင်းက ပျူစောထီးရွာ တရွာစီးနင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးကာ ပကဖ ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။
မြိုင်မြို့နယ် သရက်ကွပျူစောထီးကျေးရွာကို ဇွန်လ ၁၃ ရက်နေ့ ညနေ ၄နာရီ ၄၀ မိနစ်လောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲတိုက်တိုက်ခိုက်မှုအတွင်းမှာ ပျူစောထီး ၇ ယောက်နဲ့ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးကာ စစ်ကောင်စီတပ်သား ၂ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
"စစ်ကောင်စီတပ်သား တယောက် ဘန်ကာနားမှာ သေနတ်ကျည်ထိမှန် လဲကျသွားတာတွေ့ရလို့ ကျနော်တို့ဘက်က ရဲဘော် တယောက် သေနတ်ပြေးကောက်ရာ သေနတ်ကျည်ထိမှန်ကာ လက်နက်ရရှိခြင်းမရှိဘဲ မြင့်မြတ်စွာကျဆုံးခဲ့ရတယ်"လို့ ဗိုလ်လက်ယာက ပြောပါတယ်။
သရက်ကွပျူရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဝင်ရောက်စီနင်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၂၀ လောက်က ပြန်လည်ခုခံပြီး ကျန်တဲ့သူတွေ ထွက်ပြေးသွားကြကာ မြိုင်မြို့ စီမံကိန်းရုံးဘက်ကလည်း လက်နက်ကြီး ပစ်ကူပေးနေတာကြောင့် ညနေ ၆ နာရီကျော်လောက်က ပြန်လည်ဆုတ်ခွာခဲ့ရာ ရဲဘော်တယောက် လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ က တပ်ခွဲ၊ တပ်စိတ်တွေ၊ ဝံပုလွေအဖွဲ့၊ GOE အဖွဲ့၊ အညာမြေအဖွဲ့၊ ဓားမင်းကြီးအဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၁၃)နဲ့ MVP အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြတာလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိပါဘူး။