Home
မြန်မာသတင်း
ရေးနယ်မြေ ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ပြီဟု PDF ပြော
DVB
·
June 14, 2023
Ye
YPDF
Mon

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မွန်ပြည်နယ် ရေးမြို့နယ်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ ရေးမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေ နယ်မြေစိုးမိုးထားနိုင်တဲ့နေရာတွေက စစ်ရေး၊ အုပ်ချုပ်ရေး၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေကို စစ်ကောင်စီဘက်က မြေပြင်မှာ မစိုးမိုးနိုင်တော့သလို လေကြောင်းနဲ့သာ အားပြုနေတယ်လို့ ဆိုပါတယ်။

“ရေးမြို့ပေါ်မှာက စစ်တပ်၊ ရဲတွေက အရင်ကလို လူမြင်ကွင်းမှာ သွားလာတာသိပ်မတွေ့ရဘူး၊ ညပိုင်းမှာ ကင်းပုန်းဝပ်တာလောက်ရှိတယ်။ ဌာနဆိုင်ရာရုံးတွေ ဒီနေ့အထိ ပြန်မဖွင့်နိုင်ကြသေးပေမဲ့ စာသင်ကျောင်းတွေတော့ ပုံမှန်ဖွင့်ထားကြတာရှိတယ်။ လုံခြုံရေးအရ မဖွင့်နိုင်တဲ့ ကျောင်းပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ရေးမြို့နယ်မှာ ပြီးခဲ့တဲ့လက တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ဒီလထဲမှာလည်း တိုက်ပွဲက ပိုမိုပြင်းထန်လာနိုင်တာကြောင့် မလိုအပ်ဘဲ ခရီးလုံးဝမသွားဖို့နဲ့ အဓိက လေကြောင်းရန် ကာကွယ်ရေးပြင်ဆင်ကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သတိပေးထားပါတယ်။

“ကျနော်တို့ ထောက်လှမ်းရေးသတင်းအရ ဆိုရင် စကစဘက်က လှုပ်ရှားဖို့ ရှိတယ်။ ကျနော်ထင်တယ်၊ ရေးမြောက်ပိုင်းမှာ တင်းမာလာဖို့ အလားလာများမယ်” လို့ ရေးမြောက်ပိုင်း PDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။

ရေးမြောက်ပိုင်း ရေး-သံဖြူဇရပ်ကားလမ်းဟာ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ထောက်ပို့လမ်းကြောင်းလည်းဖြစ်ပြီး စစ်ရေးအခြေအနေ တင်းမာနိုင်တာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ တပ်ရင်း ၂၇ ကလည်း ခရီးသွားယာဥ်တွေကို သတိပေးထားပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ လူမနေတဲ့ PTT စက်သုံးဆီအရောင်းဆိုင်အဟောင်းရဲ့ အဆောက်အဦ အခန်းအတွင်းမှာ ဇွန် ၁၃ ရက်နေ့ နေ့လယ်ပိုင်းက အမျိုးသားရုပ်အလောင်း နှစ်လောင်း တွေ့ရှိတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

အဆိုပါ အမျိုးသား ရုပ်အလောင်း နှစ်လောင်းဟာ စစ်တပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်စဥ် ပစ်ခတ်မှု ဖြစ်ပွားပြီး  သေဆုံးနေတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ အလောင်းတွေ ဖြစ်နိုင်ကြောင်း စစ်ကောင်စီတပ်ဘက်က ဝါဒဖြန့် ပြောဆိုထားပါတယ်။

“တော်လှန်ရေးအင်အားစုတွေထဲမှာတော့ အထိအခိုက်ရှိတယ်ဆိုတာ မကြားမိထားပါဘူး၊ အခု DB တွေ့တယ်ဆိုတော့ ဘယ်သူဘယ်ဝါမှန်းတော့မသိဘူး” လို့ တော်လှန်ရေးအင်အားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကျိုက်ထို၊ သထုံ၊ ဘီးလင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အကျအဆုံး များတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024