ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဇွန် ၁၂ ရက်က နေအိမ်တလုံးနဲ့ ဆန်စက်တလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုပြီး စစ်ကောင်စီတပ်က ချိပ်ပိတ်သွားခဲ့တယ်လို့ သိရပါတယ်။
ဘိုကလေးမြို့နယ်၊ ကွင်းဘုန်းကြီးကျေးရွာက နေအိမ်တလုံးနဲ့ အောက်လှည်းဆိပ်ကျေးရွာက ဆန်စက်တလုံးကို နိုင်ငံရေးလှုပ်ရှားမှုတွေ ပြုလုပ်ပြီး စစ်ကောင်စီကို ဆန့်ကျင်ကာ PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တားမြစ်မိန့်ကပ်ပြီး ချိပ်ပိတ်သွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက “ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) နဲ့ တရားစွဲဆိုထားတယ်ဆိုပြီး နေအိမ်တလုံးနဲ့ ဆန်စက်တလုံးကို ချိပ်ပိတ်တာ။ ချိပ်ပိတ်ခံရလို့ တရားစွဲခံထားရတဲ့သူတွေကတော့ တိမ်းရှောင်နေတာ ကြာပြီ။ ဒီရက်ပိုင်း ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီအဖွဲ့ တရားစွဲထားတဲ့သူတွေရဲ့ အိမ်တွေကို လိုက်ချိပ်ပိတ်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) နဲ့ တရားစွဲဆိုပြီး ကွင်းဘုန်းကြီးကျေးရွာက ကိုရဲမင်းပိုင် နေအိမ်နဲ့ အောက်လှည်းဆိပ်ကျေးရွာက အောင်ဆန်းဝင်း ဆန်စက်ကို စစ်ကောင်စီတပ်က လာရောက် ချိပ်ပိတ်သွားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကလည်း ဘိုကလေးမြို့၊ အမှတ် ၃ ရပ်ကွက်က နေအိမ်တလုံး၊ အမှတ် ၉ ရပ်ကွက်က နေအိမ်တလုံးနဲ့ ဘိုကလေးမြို့ တဖက်ကမ်း သာပေါင်းကျေးရွာက နေအိမ်တလုံးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုပြီး စစ်ကောင်စီတပ်ဖွဲ့၊ ရဲ၊ ထွေအုပ်၊ စည်ပင်ဝန်ထမ်းနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက နေအိမ်တံခါးမှာ ဆိုင်းဘုတ်ကပ် ချိပ်ပိတ်ခဲ့တာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းက စပြီး ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာတနိုင်ငံလုံးမှာ ချိပ်ပိတ်သိမ်းဆည်းခံရမှုပေါင်း ၇၅၁ ခုအထိ ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။