စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ထဲက ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ဇွန် ၁၀ ရက်နဲ့ ၁၁ ရက် ၂ ရက်ဆက် အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ် ၄၈ လုံးနဲ့ စပါးကျီ ၁၅ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။
ဇွန် ၁၀ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ထန်းကုန်းတိုက်နယ်ထဲက ဘိုတဲကုန်းရွာကို ထန်းကုန်းရွာဘက်ကနေ အင်အား ၁၀၀ လောက်နဲ့ စစ်တပ်၊ ပျူစောထီးတွေ အကြမ်းဖက် ပစ်ခတ်ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာမှာ ပြည်သူပိုင်နေအိမ်အလုံး ၂၀ မီးလောင်ပြာကျ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
၁၁ ရက် မနက် ၈ နာရီခွဲကလည်း ချပ်သင်းတိုက်နယ်ထဲက ပေကုန်းရွာကို ဇင်းရွာအထိုင်ကနေ ထွက်လာတဲ့ ခမရ-၃၆၁ နဲ့ ပျူစောထီး အင်အား ၁၄၀ လောက်က အကြမ်းဖက် မီးရှို့ဖျက်ဆီးလို့ ပြည်သူပိုင်နေအိမ် ၂၈ လုံးနဲ့ စပါးတိုက် ၁၅ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့လည်း ပြောပါတယ်။
စစ်တပ်က စစ်ကြောင်း ၂ ကြောင်း ဝင်ရောက်လာတာကြောင့် ချပ်သင်းတိုက်နယ်ထဲက ဇင်းရွာနဲ့ အနီးအနားရှိရွာတွေ အပါအဝင် ထန်းကုန်းတိုက်နယ်ထဲက ဘိုတဲကုန်းရွာနဲ့ အနီးအနားကျေးရွာတွေက ရွာသား ၁၀,၀၀၀ လောက် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။