မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကိုခံခဲ့ရတဲ့ ရခိုင်ပြည်သူတွေအတွက် “ဝ” ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) က ကျပ်သိန်း ၁၀,၀၀၀ လှူဒါန်းလိုက်ပါတယ်။
ဇွန် ၁၀ ရက်နေ့က “ဝ” ပြည်နယ်ပန်ခမ်းမြို့မှာပေးလှူတာဖြစ်ပြီး အေအေရဲ့ မိုခါဆိုင် ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာညိုထွန်းအောင်နဲ့ Humanitarian and Development Coordination Office (HDCO) အကြီးအကဲ ဦးထွန်းမင်းနိုင်တို့က လက်ခံရယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
FPNCC မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA-မိုင်းလား)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP-SSAA)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP-UWSA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ပါဝင်ပြီး ဒီကော်မတီက ကျပ်သိန်း ၅,၀၀၀ ပေးလှူပါတယ်။
“ဝ” ပြည်နယ်၊ ပြည်သူ့အစိုးရက ကျပ်သိန်း ၅,၀၀၀ ထည့်ဝင်လှူဒါန်းပြီး အလှူငွေတွေကို “ဝ” ပြည်နယ်၊ ပြည်သူ့အစိုးရ၊ ဒု ဥက္ကဋ္ဌနဲ့ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။