ကရင်ပြည်နယ် လယ်ဒိုမြို့နယ်၊ ဝါးပင်စုကျေးရွာကို စစ်တပ်က ဇွန် ၉ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူ ၄ ယောက် သေဆုံးပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
လက်နက်ကြီးကျတာကြောင့် ဒေါ်မပူးတူးရဲ့ နေအိမ်နဲ့ ဒေါ်မခင်ငြိမ်းရဲ့ နေအိမ်တို့ ပျက်စီးခဲ့ရတဲ့အပြင် ဝါပင်စုကျေးရွာအတွင်း ဝင်ရောက်လာသော စစ်တပ်က ဒေါ်စန်းရီရဲ့ နေအိမ်နဲ့ ဦးအောင်စိုးရဲ့ နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တချိန်တည်းမှာပင် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို သတ်ဖြတ်ခဲ့ပြီး ဘယ်သူတွေလို့ အတည်မပြုနိုင်တဲ့အပြင် ဒေသခံ ၂ ဦးရဲ့ အလောင်းကို ရှာမတွေ့သေးပေမဲ့ စစ်တောင်းမြစ်ထဲ အလောင်း ၂ လောင်း မျောပါလာတာကို ဒေသခံတွေ့ရှိခဲ့ပြီး ပစ်သတ်ခံရသူ ၂ ဦးရဲ့ အလောင်းဟုတ်မဟုတ် သီးခြားအတည်ပြုနိုင်သေးပါဘူး။
အဲဒီနောက် ညနေ ၃ နာရီအချိန်မှာ လယ်ဒိုမြို့နယ် ဆင်မတောင်ကနေ ပေတူးကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် နော်ဘော်ထူး (၅၃) နှစ် ကျည်ထိမှန်သေဆုံးခဲ့ရသလို တဆက်တည်းမှာပင် ညနေ ၆ နာရီ ၅၀ မိနစ်မှ ည ၉ နာရီ မိနစ် ၂၀ အထိ မူးမြို့နယ်၊ ကွင်းချောင်းဝမှ လက်နက်ကြီး ပစ်ခတ်ရာ ရေတွင်းကုန်းကြီး ရွာတွင်းကျရောက်ပေါက်ကွဲပြီး စောဘဲဒူရဲ့နေအိမ်ကို ထိမှန်ပျက်စီးစေခဲ့တဲ့အပြင် အသက် ၃၆ နှစ်ရှိ စောဆိဖိုးကို ကျည်စထိမှန်သေဆုံးခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေဘက်မှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာပါ။