မန္တလေးတိုင်း၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ ချောင်းမကြီးကျေးရွာအရှေ့ဘက်ခြမ်း ခလရ(၄) စစ်တပ်အနီး မြောင်းဘောင်ဘေးမှာ အမျိုးသားတဦး ဝါယာကြိုးတွေ ဖြုတ်ခိုးနေစဉ် ဓာတ်လိုက် သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းက ပြောပါတယ်။
ဇွန် ၁၀ ရက် ညနေ ၅ နာရီမှာ အမည်မသိ ရုပ်အလောင်းတွေ့ရှိထားတယ်ဆိုပြီး နယ်ခံတွေက ဖုန်းဆက်တဲ့အတွက် သွားရောက် ကူညီခဲ့တယ်လို့ အနန္တမေတ္တာ လူမှူကူညီရေးအသင်း ဥက္ကဋ္ဌက ပြောပါတယ်။
"ဒဏ်ရာတွေနဲ့ သေဆုံးရုပ်အလောင်းတွေ့ထားတယ်၊ လာရောက်ကူညီဖို့ အလောင်းကိုတွေ့တဲ့သူတွေက ဖုန်းဆက်တာပါ။ ကျနော်တို့ ရောက်တော့သေနေပါပြီ။ သေဆုံးသူဘေးပတ်ဝန်းကျင်မှာ မီးကြိုးဖြတ်ရာမှာ အသုံးပြုတဲ့ ပလက်ယာ နှစ်ချောင်းတွေ့တယ်၊ ခန္ဓာကိုယ်အောက်ပိုင်း လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးအပူလောင်ဒဏ်ရာတွေ တွေ့တယ်၊ လူကလည်း တောင့်နေပါပြီ။"
မီးကြိုးဖြတ်ခိုးနေစဉ် ဓာတ်လိုက်သေဆုံးခဲ့ပြီး မိသားစုနဲ့ ဒီနေ့အထိ အဆက်အသွယ် မရရှိသေးဘဲ ပိုင်ရှင်မဲ့အလောင်းဖြစ်သာ မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာ ထားရှိတယ်လို့ သိရပါတယ်။
မတ် ၃ ရက်ကလည်း လားရှိုးမြို့မှာ အမျိုးသား ၃ ဦး မီးကြိုးများဖြတ်ပြီး ခိုးယူနေစဉ် ရပ်ကွက် အတွင်းနေသူတွေက ဝိုင်းဝန်းဖမ်းဆီးကာ နယ်မြေခံရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။