Home
ဆောင်းပါး
တော်လှန်ရေး လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်စိတ်ဓာတ်
DVB
·
June 11, 2023
345497978_3371189353134075_8532453368871740717_n

တော်လှန်ရေးကာလမှာ ရဲဘော်ရဲဘက်စိတ်ဟာ သိပ်ပြီးအရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်စီ ဒုက္ခအခက်အခဲ ရောက်ကြတဲ့ အချိန်မလို့ပါ။ ကျနော်တို့ ကြားဖူးကြတယ် မဟုတ်လား။ “သင် ဒုက္ခတွေ့တဲ့အချိန်မှာ သင့်ဘေးနားက ထွက်မပြေးဘဲ အားပေးကူညီသူကသာ သင့်ရဲ့ မိတ်ဆွေအစစ်ဖြစ်ပါတယ်” ဆိုတဲ့ စကားပုံတွေ ရှိကြတယ်လေ။ ဒီကာလမှာ မိတ်ကောင်းဆွေကောင်း၊ တကယ့်သူငယ်ချင်းကောင်းကို အမှန်တကယ် လိုအပ်တဲ့ ကာလပါလို့ ပြောရင် တော်လှန်ရေးထဲ ရောက်နေကြတဲ့ ရဲဘော်ရဲဘက်တွေက တညီတညွတ်တည်း လက်ခံကြမယ် ထင်ပါတယ်။

အရင်က ကိုယ့်အိမ် ကိုယ်ယာမှာ ခြေ‌မွေးမီးမလောင် လက်‌မွေးမီးမလောင် နေခဲ့ကြရပေမဲ့ ဒီတော်လှန်ရေးကာလထဲမှာ ရောက်လာကြတဲ့အခါ ခြေ‌မွေးလက်‌မွေးပါမက ငယ်ထိပ်က အ‌မွေးပါမကျန် မီးလောင်ခံပြီး ကိုယ့်ဘာသာကိုယ် ရှိတာလေးနဲ့ အဆင်ပြေအောင် ချက်ပြုတ် စားသောက်ကြရပါတယ်။ ပြည်သူလူထုထံက ထောက်ပံ့ကူညီမှုတွေကိုသာ မျှော်လင့်စောင့်စားပြီး တော်လှန်ရေးခရီးကြမ်းကို ‌ရှေ့ဆက် လှမ်းကြရပါတယ်။

“ရဲဘော် ရဲဘက်” ကောင်း

တကယ့် ရဲဘော်ရဲဘက်ဆိုတာ ကိုယ်နဲ့အတူ ရှိမနေပေမဲ့ ကိုယ်ရဲ့ဒုက္ခတွေကို ကိုယ်နဲ့အတူ မျှဝေခံစားတတ်တဲ့သူကို ဆိုလိုတာပါပဲ။ မုန့် ၂ ခုရှိရင် တခုကို ကိုယ့်ကို ခွဲကျွေးမယ်။ ပိုက်ဆံ ၂၀၀၀ ရှိရင်လည်း တဝက်မဟုတ်တောင်မှ အဆင်ပြေသလောက် ကိုယ့်ကို ခွဲပြီးပေးသုံးမယ်။ နောက်ပြီး ကိုယ့်မှာ အဆက်အသွယ်ကောင်းနဲ့ မိတ်ကောင်း ဆွေကောင်းတွေ ရှိရင်လည်း သူတို့နဲ့ တွေ့ဆုံနိုင်အောင် ကိုယ့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမယ်။ ယုံကြည်မှု တည်ဆောက်ပေးမယ်။ စသဖြင့် ကိုယ့်ရဲဘော်ရဲဘက်ရဲ့ အခက်အခဲ အကျပ်အတည်း မှန်သမျှကို ကိုယ့်မှာဖြစ်နေသကဲ့သို့ ဝိုင်းဝန်းကူညီပေးသူ ဖြစ်ပါတယ်။ ဒီလို မိတ်ကောင်း ဆွေကောင်း ရှိထားတဲ့ လူတယောက်ဟာ ဒုက္ခဖြစ်နေရင်တောင် မိတ်ဆွေတွေရဲ့ အကူအညီနဲ့ အရာရာ ရင်ဆိုင်ကျော်လွှားနိုင်ကြပါတယ်။

ဒီလို မိတ်ကောင်း ဆွေကောင်း၊ ရဲဘော် ရဲဘက်ကောင်းကို လူတိုင်းက လိုချင်ကြမှာပါ။

အဲဒီမှာ ကျနော်ပြောပြချင်တာက ရဲဘော် ရဲဘက်ကောင်း၊ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းကို လိုချင်ရင် ကိုယ်ကလည်း မိတ်ကောင်းဆွေကောင်း၊ ရဲဘော်ရဲဘက်ကောင်း တဖန်ပြန်ပြီး ဖြစ်နေဖို့လိုပါမယ်။ ကိုယ်ကလည်း သူတို့ရဲ့ ယုံကြည်အားကိုးထိုက်တဲ့သူ ဖြစ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကျနော်တို့ ယုံကြည်မြတ်နိုး လေးစားတန်ဖိုးထားအပ်တဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားဒေသနာတော်တွေအထဲမှာတော့ မိတ်ကောင်းဆွေကောင်း ရှိခြင်းဟာ မိမိရဲ့ လုပ်ငန်းကိစ္စ မှန်သမျှကို ရာနှုန်းပြည့် အောင်မြင်ပြီး‌မြောက်နိုင်ကြောင်းကိုလည်း ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဟောကြားထားတာ လေ့လာမှတ်သား တွေ့ရှိရပါတယ်။ ကျနော်တို့ လက်ရှိ တော်လှန်ရေးကာလမှာ ဤတရားက တကယ့်ကို သွေးထွက်အောင် မှန်ပါတယ်။ ကိုယ်တွေ့ပါပဲ။

“ကာယကံ‌မြောက် မေတ္တာ”

ကိုယ့်ဘက်ကစပြီး လက်တွေ့လုပ်ပြပါ။ အားပေးစကား ပြောပါ။ ချစ်ခြင်းမေတ္တာ ပြပါ။ လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ တတ်နိုင်သလောက် ကူညီပေးပါ။ အင်မတန် အရေးကြီးပါတယ်။ စကားပြောကြတဲ့အခါ မလိမ်မညာဘဲ မှန်မှန်ကန်ကန်ပဲ ပြောပါ။ ဗုဒ္ဓဘာသာဝင်တွေ အများစုဟာ ပြည့်တဲ့အိုးသာ ဖြည့်ချင်ကြတယ်။ ဂုဏ်တု ဂုဏ်ပြိုင် လှူကြ တန်းကြတာကို ရှက်ရကောင်းမှန်း မသိကြဘူး။ ဘုန်းကြီးရှေ့မှာ ရေစက်ချပြီး လှူမှ ကုသိုလ်ရတယ် ထင်ကြတဲ့လူက များတယ်။ မိတ်ဆွေ သူငယ်ချင်းတွေ အသက်ထင်ရှားရှိစဥ်မှာ ကာယကံမြောက် ပေးကမ်းလှူဒါန်းဖို့ကြရင် လက်တွန့်ကြတယ်။

ကုသိုလ်ရချင်တာကိုး။ ဘာကြောင့် ကုသိုလ်ရချင်တာလဲ ဆိုတော့ နောက်ဘဝ ကောင်းစားဖို့တဲ့။ အဲဒီတော့ လှူတယ်ဆိုတာကိုက ယူချင်တယ်၊ ရချင်တယ် ပြန်ဖြစ်နေကြတာ။ ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ် ပြန်ဖြစ်နေကြတာ သူတို့ သတိမထားမိကြဘူး။ လက်ရှိ ပစ္စုပ္ပန်တည့်တည့်ကြည့်ပြီး အကျိုးရှိအောင် ကိုယ့်ဘေးနားမှာရှိတဲ့ လူ၊ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေကို အောင်မြင်အောင်၊ အဆင်ပြေအောင် လက်တွေ့ကျတဲ့ ကောင်းမှုကုသိုလ် ကာယကံမြောက်မေတ္တာ ပြတတ်ကြဖို့တော့ ဒီကာလမှာ အရေးတကြီး လိုပါတယ်။

ဆရာကြီး ဦးသိန်းဦးရဲ့ မေတ္တာ

ဒီနေရာမှာ ဥပမာလေးတခု ပြောပြချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော် ပြည်ဦးလွင်မှာ ဖက်ဒရယ်ဥပဒေ အကယ်ဒမီ ဒီပလိုမာ ၂ နှစ်သင်တန်း တက်နေတုန်းကပေါ့။ အဲဒီကျောင်းမှာက ပြည်ထောင်စုဖွား တိုင်းရင်းသားပေါင်းစုံ လာတက်ကြတာပါ။ မိဝေး ဖဝေးနဲ့ ပညာရှာ ထွက်လာကြတာပါ။ အဲဒီမှာ ကျန်းမာရေးမကောင်း ဖြစ်ကြတဲ့အခါ တယောက်နဲ့ တယောက် ဖေးဖေးမမနဲ့ ဂရုစိုက်ကြရပါတယ်။ နေမကောင်းဖြစ်ကြတဲ့အခါ ထုံးစံအတိုင်း ဘာစားမလဲ၊ ဘာဆေးသောက်မလဲ မေးကြမြန်းကြပေါ့။ ဒါကို ကျနော်တို့ ကျောင်းအုပ်ဆရာကြီးက သိတော့ စာသင်ခန်းထဲမှာ ထည့်ပြောပါတယ်။

ကိုယ့်သူငယ်ချင်းတွေကို အပြန်အလှန် ကူညီရိုင်းပင်း စောင့်ရှောက်ကြဖို့နဲ့ ခင်ဗျားတို့ပဲရှိတာမို့ ခင်ဗျားတို့ပဲ အချင်းချင်း အပြန်အလှန်၊ ကိုယ့်မိသားစုဝင်တွေလို သဘောထားပြီး ဂရုစိုက်ကြဖို့ ပြောပါတယ်။ နောက်ပြီး အရေးကြီးဆုံးက ကိုယ့်သူငယ်ချင်းကို တကယ်ချစ်တဲ့သူက ဘာမုန့်စားမလဲ မေးနေတာမဟုတ်ဘဲ မုန့်ဝယ်ပြီး ရော့စား ဆိုပြီး ကာယကံမြောက် မေတ္တာပြတာသာ ဖြစ်တယ်လို့ ဆရာကြီးက သင်ခန်းစာပေးပါတယ်။ နေမကောင်းရင်လည်း ဘာဆေးသောက်မလဲလို့ မေးနေတာမဟုတ်ဘဲ ကျန်းမာစေတဲ့ ဆေးဝါး၊ ဓာတ်စာ စတာတွေကို ကိုယ်ထိလက်ရောက် ဝယ်ခြမ်းပြီး ကုသပေးတာဖြစ်ကြောင်း စေတနာရှေ့ထားပြီး ကျနော်တို့ကို လမ်းပြပါတယ်။ ကျနော်ပြောတဲ့ ဆရာကြီးဆိုတာ တခြားသူတော့ မဟုတ်ပါဘူး။ ယခု အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရေးဝန်ကြီး ဦးသိန်းဦးပါပဲ။ ဆရာကြီးက ၁၉၉၀ တုန်းကလည်း တော်လှန်ရေးအစိုးရရဲ့ တရားရေးဝန်ကြီးပါပဲ။ တိုင်းရင်းသားတွေနဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ ကလျာဏမိတ္တ အဖြစ် အမြဲအဆင်သင့်ဖြစ်နေတဲ့သူပါ။ ကျနော်ပြောချင်တာက မိတ်ကောင်းဆွေကောင်းရှိခြင်းက လောကမှာ ရာနှုန်းပြည့် အကျိုးကျေးဇူးရှိတယ် ဆိုတာကို အထူးသတိချပ်စေချင်တာပါပဲ။

“ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲ”

နိုင်ငံရေးမှာ ခေတ်စားတဲ့ စကားစုလေးတခုရှိတယ်။ အဲဒါက ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲတဲ့။ သိပ်မှန်တဲ့ စကားပရိယာယ် နည်းဗျူဟာပါပဲ။ ဟုတ်ပါတယ်။ ဒီတော်လှန်ရေးကာလ အတောအတွင်းမှာ ကျနော်တို့ရန်သူရဲ့ ရန်သူတွေကို ကျနော်တို့က ရှာဖွေပြီး မိတ်ဆွေလုပ်ကြရမယ်။ မိတ်ဆွေတွေကို ကိုယ့်လူအရင်းအခြာတွေ ဖြစ်လာအောင် ကျနော် အထက်မှာ တင်ပြခဲ့သလို ကာယကံမြောက်မေတ္တာတွေ ပြကြရမယ်။ တကယ်ကူကြရမယ်။ တကယ်လှူကြရမယ်။ တကယ်ဝိုင်းကြရမယ်။ တကယ်လုပ်ကြရမယ်။

ပထဝီနိုင်ငံရေး သတိထားစရာ

ဥပမာတခုအနေနဲ့ ကမ္ဘာ့စာမျက်နှာမှာ စစ်ကောင်စီရဲ့ မိတ်ဆွေက ရုရှားပါ။ ရုရှားရဲ့ရန်သူဟာ ယူကရိန်းပါ။ ဒီလိုဆိုရင် ယူကရိန်းဟာလည်း ကျနော်တို့ရဲ့ ကမ္ဘာ့မိတ်ဆွေနိုင်ငံ ဖြစ်သွားပါပြီ။ အမေရိန်ကန်တို့ အီးယူတို့ဆိုတာ ရုရှားရဲ့ ကြီးမားတဲ့ ပြိုင်ဘက်တွေ ရန်သူတွေလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကျနော်တို့က အမေရိကန်တို့ အနောက်ဥရောပနိုင်ငံတွေနဲ့လည်း ခိုင်မာတဲ့ မဟာမိတ်တွေ ဆက်ဆံရေးတွေ အတိအကျရှိဖို့ လိုပါမယ်။ နောက်ပြီး ပထဝီဟာ နိုင်ငံတော်တွေကို ကြီးမားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ အပြောင်းအလဲဖြစ်စေတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံနဲ့ ပထဝီအရ ရှည်လျားစွာ ထိဆက်မှုရှိတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း စတဲ့နိုင်ငံတွေကိုလည်း သတိကြီးကြီးထားပြီး ဆက်ဆံရမယ်။ ရန်သူဟာ ထိုနိုင်ငံကြီးတွေနဲ့ မိတ်ဆွေလုပ်ထားရင် ကျနော်တို့အတွက် အန္တရာယ်ရှိတယ်။ မိတ်ဆွေမလုပ်နိုင်ရင်တောင် ရန်သူတိုးမလာအောင် နည်းနာတွေသုံးရမယ်။ အပြောအဆို အလုပ်အကိုင် သတိကြီးကြီးထားပြီး ဆောင်ရွက်ကြရမယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် တော်လှန်ရေးမှာ မိတ်ကောင်းဆွေကောင်းတွေကို တန်ဖိုးထားကြရမယ်။ ရဲဘော်ရဲဘက် မဟာမိတ်တွေအပေါ်မှာ သစ္စာရှိကြရမယ်။ တော်လှန်ရေး သက်လုံကောင်းအောင် အမြဲမပြတ် နိုင်ငံရေးဝမ်းစာ၊ တော်လှန်ရေးဝမ်းစာ ဖြည့်နေကြရပါမယ်။ ရန်သူ့ရဲ့ စစ်အင်္ဂါစဉ်အကြောင်းကို သိနေရမယ်။ တော်လှန်ရေးမှာ နိုင်ငံရေးသီလ လုံကြရမယ်။ နောက်ဆုံး ပြည်သူတို့၏ ဖက်ဒရယ် မျှော်လင့်ချက် အရောင်အသွေးကို ဘယ်အရာနဲ့မှ မညှိုးမှိန်ပါစေနဲ့လို့ အထူးသတိပေးလိုပါတယ်။ တော်လှန်ရေးမှာ မိတ်ကောင်းဆွေကောင်း၊ သူငယ်ချင်းကောင်း၊ မဟာမိတ်ကောင်း၊ ရဲဘော်ရဲဘက်ကောင်းများနဲ့ အရေးတော်ပုံကြီး အောင်မြင်ပြီးမြောက်သည်အထိ တိုက်ပွဲဝင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ငါတို့အလှည့် လာပြီ

အရေးတော်ပုံ မုချအောင်မြင်ရမည်။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024