ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းကျေးရွာကို ဇွန် ၉ ရက် ည ၉ နာရီခွဲလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ တယောက် ဒဏ်ရာရခဲ့တယ်လို့ ကေအန်ယူ ဗဟိုပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
လက်နက်ကြီးကြောင့် ကမိုင်ကုန်း ကျေးရွာနေ ဒေါ်မှူးလုံး (၄၂) နှစ်၊ ကျော်မင်းထွန်း (၃၂) နဲ့ နန်းစမှူးသန်း (၂၉) နှစ်မှာ ဒဏ်ရာတွေ ရရှိခဲ့တာပါ။
ဒေသခံတယောက်က “စစ်တပ်က လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်လေ့ရှိတယ်။ ရွာထဲမှာဆို ညဘက် လက်နက်ကြီး ပစ်ခတ်တာရယ်၊ လေယာဥ်နဲ့ဗုံးကြဲမှာကိုလည်း စိုးရိမ်ထိတ်လန့်ပြီး ပြောင်းရွေ့နေရတယ်”လို့ ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်တာ၊ နေအိမ်တွေ ပျက်စီးတာနဲ့ အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုများကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့် စွာနဲ့ အသက်ရှိနေထိုင်နေရတယ်လို့ ကေအန်ယူ ဗဟိုထုတ်ပြန်ချက်က ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ မော်လမြိုင်-ရေး-သံဖြူဇရပ်- ထားဝယ်- မြိတ် အမှတ် ၈ အာရှလမ်းမကြီးတလျှောက်မှာ ခရီးသွားမော်တော်ယာဥ်တွေကို ကေအန်ယူ တပ်မဟာ ၆ တပ်ရင်း ၂၇ က ဇွန် ၁၅ ရက်က စပြီး အချက် ၄ ချက်ပါ သတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။
ခရီးသွားမော်တော်ယာဥ်တွေအနေနဲ့ ကေအန်ယူတပ်ဖွဲ့ဝင်တွေ ခေါ်ယူစစ်ဆေးတဲ့အခါ ကြည်ဖြူစွာ လက်ခံအစစ်ဆေးခံဖို့၊ ယာဥ်ပေါ်မှာ စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့လူဖြစ်စေ ရုပ်ဝတ္တုဖြစ်စေ တင်ဆောင်တာမပြုလုပ်ဖို့၊ ခရီးသွားတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့အတူတကွ စီးနင်းမလိုက်ပါကြဖို့နဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းတွေလည်း ကြည်ဖြူစွာအစစ်ဆေးခံကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကေအန်ယူအနေနဲ့ အဆိုပါ သတ်မှတ်ထားတဲ့လမ်းကို ထိုးဖောက်ထိန်းချုပ်လှုပ်ရှားနေပြီးဖြစ်လို့ ခရီးသွားတွေ ထိခိုက်နစ်နာဆုံးရှုံးမှု မဖြစ်ပွားအောင်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသွားပြည်သူတွေကို အကာကွယ်ယူပြီး သွားလာအသုံးပြုနေတဲ့ အတွက် အခုလို အမိန့် ထုတ်ပြန်တာလို့ ဆိုပါတယ်။
အမိန့်ကြေညာချက်ကို လိုက်နာကြဖို့နဲ့ လိုက်နာခြင်းမရှိဘဲတစ်စုံတရာဖောက်ဖျက်လို့ ဖြစ်ပေါ်လာနိုင်မယ့် အကျိုးဆက်တွေကို တာဝန်ယူသွားမှာ မဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။
အခုလိုထုတ်ပြန်ထားတာတော့မှန်ပေမဲ့ တချို့ကားသမားက စစ်ဆေးနေတာ၊ ပစ်ခတ်နေတာ မသိဘဲ ကားမရပ်မိလို့ ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလည်း အရင်က ရှိခဲ့ဖူးပါတယ်။
အခုလမ်းတွေမှာ စစ်ကောင်စီတပ်ဘက်ကလည်း ငွေကောက်ခံစစ်ဆေးရေးဂိတ်ဖွင့်လှစ် ထားပြီး အစစ်ဆေးများနေတယ်လို့ ခရီးသွားယာဥ်မောင်းတယောက်က ပြောပါတယ်။
အဆိုပါ မော်လမြိုင် မုဒုံ သံဖြူဇရပ် ရေး ထားဝယ် မြိတ် ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြားမှာ တိုက်ပွဲတွေမကြာခဏဖြစ်နေပါတယ်။