ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ မင်းရပ် ရပ်ကွက်၊ လမ်းမတော်လမ်းရှိ သိန်းသိန်းစတိုးနဲ့ အပေါင်ဆိုင် ဇွန် ၇ ရက် မနက်အစောပိုင်းက ဖောက်ထွင်းခံရပြီး ရွှေ ၃ ပိသာနဲ့ ငွေကျပ် သိန်း ၂,၀၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
လမ်းမတော်လမ်းမှာ နေထိုင်သူ ကိုမင်းမင်းဦးက “မနက်အစောပိုင်း သုံးနာရီဝန်းကျင်လောက်က မိုးတွေအေးနေတော့လည်း အိပ်ကောင်းတဲ့အချိန်ကြီး၊ ဘယ်သူမှမနိုးကြဘူးဗျ။ မနက်မိုးလင်းမှ တံခါးတချပ်ပွင့်နေလို့ စစ်ကြည့်တော့မှ သူခိုးဝင်သွားတယ်ဆိုတာ သိရတယ်။ မီးခံသေတ္တာပါ ဖွင့်ယူသွားတော့ အတော်များများ ပါသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သိန်းသိန်းစတိုးမှာ အပေါင်ဆိုင်နဲ့တွဲလျှက်ရှိတဲ့အတွက် အပေါင်ဆိုင်အတွင်း မီးခံသေတ္တာထဲမှ ရွှေထည်ပစ္စည်း အများအပြားနဲ့ ေငွကျပ် သိန်း ၂,၀၀၀ ကျော်ကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
တရားခံတွေက စီစီတီဗီကင်မရာတွေကို ရွှံ့နဲ့ပိတ်ပြီး အိမ်အတွင်းဝင်ရောက်ခဲ့လို့ တရားခံ ဖမ်းဆီးရရှိမှု အခက်အခဲ ရှိနိုင်တယ်လို့လည်း သိရပါတယ်။
“စီစီတီဗီက ၁၂ လုံးရှိတာ၊ အပြင်က ကင်မရာတွေအားလုံးကို ရွှံ့နဲ့ပိတ်ပြီးဝင်တာ။ အထဲကပြန်ကြည့်တော့ ကင်မရာတလုံးမှာပဲ ပေါ်တာ။ အဲ့ဒါလည်း နောက်ကြောဘက် ခပ်ဝါးဝါးပဲ ကြည့်လို့ရတယ်။ အရပ် ၅ ပေ၊ အသားမဲမဲ လူတယောက်ဆိုတာလောက်ပဲ သိရတယ်” လို့ ကိုမင်းမင်းဦးက ပြောပါတယ်။
မနှစ် ဩဂုတ်လကလည်း လက်ပံတန်းမြို့ ဗိုလ်အောင်ကျော်လမ်းက နေအိမ်တလုံးမှာ အိမ်ရှင်ကို ကြိုးတုပ်ပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ တရားခံတွေကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။