ရခိုင်ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း (Tropical Cyclone - TC) ရဲ့ ဗဟိုဖိအားဟာ ဇွန် ၈ ရက် မွန်းလွဲ ၂ နာရီ တိုင်းတာချက်တွေအရ ၉၉၆ ဟက်တိုပါစကယ်ကို ကျဆင်းပြီး လေတိုက်နှုန်း တနာရီ ၅၂ မိုင်ရှိကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဆက်စပ်နေရာအနီးမှာ ဗဟိုပြုနေတယ်လို့ သိရပါတယ်။
အဲဒီ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဟာ အနောက်-အနောက်မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်တွေကို ဆက်ရွေ့လျားကာ ဇွန် ၉ ရက် မွန်းလွဲ ၂ နာရီမှာ ဗဟိုဖိအား ၉၉၃ ဟက်တိုပါစကယ်အထိ ကျဆင်းပြီး လေတိုက်နှုန်း တနာရီ ၅၉ မိုင်အထိ ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ဇွန် ၉ ရက် ညပိုင်းမှာတော့ စစ်တွေမြို့အနောက်မြောက်ဘက် မိုင် ၄၀ ခန့်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး (မြန်မာဘက်ခြမ်း) ကနေ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ မိုးလေဝသသုတေသီ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
အဲ့ဒီနောက် အရှေ့မြောက်ဘက်ကို ကုန်းတွင်းမုန်တိုင်း၊ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း အဆင့်တွေနဲ့ ဆက်လက်ရွေ့လျားပြီး ဇွန် ၉ ရက် ည ၁၂ နာရီနောက်ပိုင်းမှာ အားပျော့ ပျက်ပြယ်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် မုန်တိုင်းရဲ့ ညာဘက်ခြမ်းမှာရှိနေတဲ့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသတွေမှာ ဇွန် ၈ ရက် ညနေပိုင်းအချိန်ကနေ ဇွန် ၉ ရက် ညပိုင်းအထိ လေပြင်းတွေ တနာရီ မိုင် ၃၀ ကနေ မိုင် ၅၀ လောက်အထိ တိုက်နိုင်ပြီး မိုးသည်းထန်နိုင်ကာ ၇၂ နာရီအတွင်း မိုးရေချိန် ၅ လက်မခန့်အထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။