ကျောင်းသားလက်ရုံးတပ်တော် (SAF) အတွက် “Project အောင်စစ်သည်” ကမ်ပိန်း ပြန်လည်စတင်နေပြီး ပါဝင်လိုသူတွေအနေနဲ့ မဲလက်မှတ်တစောင်ကို ငွေကျပ် ၁၀၀၀၀ နှုန်းနဲ့ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
တိုက်ပွဲတခုရဲ့အဆုံးအဖြတ် စစ်လက်နက်တွေထဲက တခုဖြစ်တဲ့ RPG တလက်ကို ကျောင်းသားလက်ရုံးတပ်တော် (SAF) အတွက် ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဒီကမ်ပိန်းကို ပြုလုပ်တာဖြစ်ပြီး ဇွန် ၇ ရက်ကနေ ၂၁ ရက်အထိ ၁၅ ရက်ကြာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
"Project အောင်စစ်သည်" ဆိုတာကတော့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ကျောင်းသားရဲဘော်တယောက်ဖြစ်တဲ့ ရဲဘော် ကြာရွက်ဟာ အခြေခံစစ်ပညာသင်တန်း ကာ လအတွင်း ဘက်စုံထောင့်စုံ ကာယ ဉာဏ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် အောင်စစ်သည်ဆု အနေနဲ့ အောင်စစ်သည်ဓားကို အပ်နှင်းချီးမြှင့် ခံခဲ့ရပြီး အဆိုပါ ဓားကို သူက ကျောင်းသားလက်ရုံးတပ်တော် ရှေ့တန်းရဲဘော်တွေရဲ့ တိုက်ပွဲတွေမှာ လိုအပ်နေတဲ့ လက်နက်အင်အားဖြည့်တင်းပေးဖို့အတွက် ရန်ပုံငွေ Fundraising လုပ်ဖို့ ပေးအပ်ခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
မျှော်မှန်းပမာဏ ကျပ်သိန်း ၆၀၀ သတ်မှတ်ထားတဲ့ ဒီကမ်ပိန်းကိုတော့ ပြီးခဲ့တဲ့ မေ ၂ ရက်က ကနဦးစတင်ခဲ့ပေမယ့် မိုခါမုန်တိုင်းသင့်ပြည်သူတွေကို ဦးစားပေး ကူညီ ခဲ့ရတဲ့အတွက် ရပ်နားခဲ့ရပြီး ခုတခါ ပြန်လည်ပြီးတော့ စတင်လိုက်တာ ဖြစ်ပါတယ်။
ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)/ ကျောင်းသားလက်ရုံးတပ်တော် (SAF) ဟာ မိုခါမုန်တိုင်းသင့် ရခိုင်ပြည်သူတွေအတွက် အလှူ ငွေ ၂၅ သိန်း ၅ သောင်းကို ကူညီထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ "Project အောင်စစ်သည်" ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဖော်ပြပါ Fundraiser တွေကတဆင့် ဆက်သွယ်ပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။