ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစံပြ ၈ ရပ်ကွက်၊ သံသုမာလမ်းမပေါ်က CNG ဆိုင်အနီးမှာ ဇွန် ၇ ရက် မနက်အစောပိုင်းက သစ်မှောင်ခိုကားနဲ့ ကုန်တင်ကား တိုက်မိတာကြောင့် အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရ သစ်မှောင်ခိုယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
ယာဉ်တိုက်မှုဟာ မနက်အစောပိုင်း ၄ နာရီလောက်က မြောက်ဒဂုံဘက်ကနေ ဘေလီမီးပွိုင့်ကို ကွေ့လာတဲ့ လူ ၃ ဦးပါ ကုန်တင်ယာဉ်နဲ့ မြောက်ဥက္ကလာပဘက်ကနေ တောင်ဥက္ကလာဘက်သွားတဲ့ သစ်တင်ကား တိုက်မိကြတာပါ။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “ကုန်တင်ကားအလွတ်က မောင်းလာတာကို သစ်တင်ကားက ဖြတ်တိုက်လိုက်တာ။ သစ်ကားက အရှိန်ရော ဝိတ်ရော ပါတဲ့အတွက် မှောက်သွားတာ။ သစ်ကားမှာပါတဲ့ ယာဉ်မောင်းက ခြေထောက်မှာ စိုးရိမ်ဒဏ်ရာရထားတာ။ သူ့ကို အိမ်ကားနဲ့ လာခေါ်သွားတယ်။ အတိုက်ခံလိုက်ရတဲ့ ကုန်ကားဘက်က လူနာ ၃ ဦးပါတယ်၊ ယာဉ်မောင်း ၁ ဦး အလုပ်သမား ၂ ဦးပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် သစ်မှောင်ခိုကားက ယာဉ်မောင်းဖြစ်သူ အမျိုးသားရဲ့ ညာဘက်ခြေထောက် ပြတ်လုနီးပါး ဒဏ်ရာရရှိထားပြီး ကုန်တင်ကားအရှေ့ခန်းရှိ အမျိုးသား ၂ ဦးမှာ ဦးခေါင်းပေါက်၊ မှန်ပြတ်ရှဒဏ်ရာနဲ့ ကားနောက်ခန်းက အမျိုးသား ၁ ဦး ခါးနာဒဏ်ရာ ရရှိခဲ့ပါတယ်။
ကယ်ဆယ်ရေးအသင်းတွေနဲ့ ယာဉ်ထိန်းရဲတွေ ရောက်မလာခင် သစ်ကားမောင်းသူ ယာဉ်မောင်းကို အိမ်စီးကားတစီးနဲ့ လူ ၂ ဦးက လာရောက်ခေါ်ဆောင်သွားပြီး သစ်ကားကို လမ်းမမှာ ပစ်ထားခဲ့တယ်လို့ သိရပါတယ်။
ခြေထောက်ပြတ်လုနီးပါး ဒဏ်ရာရသွားတဲ့ သစ်တင်ကား ယာဉ်မောင်းကို အနီးအနားတဝိုက်က အစိုးရဆေးရုံတွေမှာ ပို့ဆောင်ထားတာမျိုး မရှိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။
ကုန်တင်ကားပေါ်က လူနာအမျိုးသား ၃ ဦးကို မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး ယာဉ်ထိန်းရဲတွေက ယာဉ်တိုက်မှုအတွက် ဆက်လက်စစ်ဆေးနေကာ သစ်ကားကို သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။