မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က စစ်တပ်ပိုင် ကပစစက်ရုံတွေအပါအဝင် စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်(၁၉) တပ်ရင်းက ဇွန် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၁ လက်နက် ဂိုဒေါင်ကို မေ ၂၄ ရက် မနက် ၃ နာရီလောက်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း (၁၉) ရဲ့ တပ်ရင်းမှူး ကိုပိုင်က ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ ဗုံးသီးလုပ်တဲ့ အဆောက်အုံ ထိမှန်ခဲ့တယ်လို့ စုံစမ်းသိရှိရပြီး စစ်တပ်က သေဆုံးတဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။
မေ ၂၇ ရက် ညနေ ၅ နာရီလောက်မှာ ဆိပ်ဖြူနဲ့ ကန်ဇွန်းမရွာ အနောက်ဘက် တမိုင်လောက်အကွာမှာရှိတဲ့ စစ်တပ်ကင်းအဖွဲ့ကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဆိပ်ဖြူအခြေစိုက် ကပစ ၂၂ ကိုလည်း မေ ၂၈ ရက် ည ၁၁ နာရီလောက်မှာ ရှော့တိုက်ဒုံးတွေ နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်တဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
စစ်တပ်လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့်လည်း ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ မိုးမိလို့ ဖျားနာတာလောက်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။