Home
မြန်မာသတင်း
ရွှေကုက္ကိုကို ထိုင်းက လျှပ်စစ်မီးစဖြတ်၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားပိတ်ပြီး တုံ့ပြန်မည်ဟု BGF ခြိမ်းခြောက် 
DVB
·
June 6, 2023
Shwe Koat Ko EPC out BGF 2
Shwe Koat Ko EPC out BGF 3
Shwe Koat Ko EPC out BGF 4
Shwe Koat Ko EPC out BGF

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုနဲ့ လေးကေ့ကော်အတွက် ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓာတ်အားပေးနေတာကို ဇွန်လ ၅ ရက်ညက စတင် ရပ်ဆိုင်းလိုက်တဲ့တွက် မြဝတီမြို့နယ်အတွင်းရှိ လူနေ အိမ်ခြေ ၃၀၀၀ ကျော် မီးပြတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓာတ်အားကို အဓိကထား အသုံးပြုနေရတဲ့ မြဝတီဘက်ခြမ်းရှိ မြို့သစ်စီမံကိန်းကြီးတခုအပါအဝင် နေရာ ၄ နေရာအတွက်  ထိုင်းဘက်က လျှပ်စစ်ဓာတ်အား မီဂါဝပ် ၃၀ လောက် ပေးနေရာကနေ မနေ့ည သန်းကောင်အချိန်မှာ  စတင် ဖြတ်တောက်လိုက်တာပါ။

ထိုင်းဘက်က အခုလို လျှပ်စစ်မီးဖြတ်ရင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပိတ်ပစ်မယ်လို့  စစ်ကောင်စီဩဇာခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) က ခြိမ်းခြောက်ထားတယ်လို့ ထိုင်းနိုင်ငံထုတ် သည်နေရှင်းသတင်းစာမှာ ဖော်ပြပါတယ်။  ဒါပေမဲ့ ဒီနေ့မနက်ပိုင်းအထိတော့ မြဝတီ-မဲဆောက် တံတား ပိတ်ထားတာမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားပါတယ်။

တရားမဝင် လောင်းကစားနဲ့ ဒုစရိုက်မျိုးစုံလုပ်ကိုင်နေတဲ့ ရွှေကုက္ကိုလ်မြို့အတွက် လျှပ်စစ်မီးပေး နေတာကို ရပ်ထားဖို့  မြန်မာစစ်ကောင်စီရဲ့ တောင်းဆိုချက်အရ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးကို ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့က အကြောင်းကြားလာတဲ့အတွက် အခုလို လျှပ်စစ်မီးဖြတ်လိုက်တာလို့ ဆိုပါတယ်။

ရွှေကုက္ကိုမြို့ရှိ ကာစီနိုရုံတွေအားလုံးကို ထိုင်းဘက်က မီးဖြတ်လိုက်ပေမဲ့ ကာစီနိုရုံ တာဝန်ရှိသူတွေက ကြိုတင်ပြင်ဆင် အသင့်စီစဉ်ထားတဲ့ မီးစက်တွေနဲ့ မီးပြန်ပေးနိုင်ခဲ့ပေမဲ့ အရင်လောက်တော့ စွမ်းအင်အပြည့်မလင်းနိုင်တော့ဘူးလို့ သိရပါတယ်။

လျှပ်စစ်မီးပြတ်သွားတဲ့နေရာတွေထဲမှာ  မြဝတီမြောက်ဘက် ရွှေကုက္ကိုတဝိုက်က ရွာငယ်တွေ ပါဝင်ပြီး  အိမ်ခြေ ၁၀၀၀ ကျော် ပါဝင်ပါတယ်။ ဒါ့အပြင် မြဝတီတောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်၊ မင်းလက်ပန်ရွာ၊ မဲ့ထော်သလေးရွာနဲ့ အင်ကြင်းမြိုင်ရွာတွေရှိ  အိမ်ခြေ ၁၀၀၀ ကျော်လည်း မီးပြတ်တောက်သွားပါတယ်။

မြဝတီကို ထိုင်းဘက်ကနေ  ပို့ထားတဲ့ နောက်ထပ်မီးလိုင်း ၂ လိုင်းကတော့ တံတားအမှတ် ၁၊ တံတားအမှတ် ၂၊ မြဝတီကုန်သွယ်ရေးဇုန်၊ ကောက်ခွန်ရုံး၊ ရဲစခန်းစတဲ့ ရုံးဌာနတွေမှာတော့ လျှပ်စစ်မီး ဆက်လက်ရရှိ သုံးစွဲနေဆဲ ဖြစ်ပါတယ်။ 

ဒါပေမဲ့ နောက် ၃ လကြာရင် ကျန်ရှိတဲ့ မီးလိုင်း ၂ လိုင်းကိုလည်း ဖြတ်တောက်မယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံ မဟာဓာတ်အားလိုင်းကတော့ မီးမပေးနိုင်ဘဲ မြဝတီမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေတာ ၇ လနီးပါးကြာရှိနေပါပြီ။ အခုလို ထိုင်းဘက်က လျှပ်စစ်မီးကိုလည်း ဖြတ်တောက်လိုက်မယ်ဆိုပါက  မြဝတီမြို့နယ်သားတွေ အခုထက်ပိုမို  ဒုက္ခတွေ့ကြရတော့မယ်လို့ မြို့ခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024