မြန်မာနိုင်ငံအတွက် အာဆီယံဟာ အာဏာရှင်စနစ်ကို ဘယ်တော့မှ လက်ခံမှာ မဟုတ်သလို ကိုယ့်ပြည်သူတွေ ထိခိုက်နစ်နာအောင် ပြန်နှိပ်စက်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ လုပ်ရပ်တွေကိုလည်း ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုက ပြောလိုက်ပါတယ်။
ဇွန် ၃ ရက်က စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ အကြိမ် ၂၀ မြောက် မဟာဗျူဟာလေ့လာရေး နိုင်ငံတကာအင်စတီကျု (အိုင်အိုင်အက်စ်အက်စ်) ရှန်ဂရီလာဆွေးနွေးပွဲမှာ ပြောကြားလိုက်တာပါ။
ဒါ့အပြင် လူထုက မျက်နှာသာပေးခြင်းမခံရတဲ့ မြန်မာစစ်တပ်နဲ့ နှိုင်းယှဉ်ပြီးတော့လည်း မစ္စတာ ဆူဘီယန်တိုက သူ့အနေနဲ့ ပြည်သူအပေါ် သစ္စာစောင့်သိကာ အရပ်သား အုပ်ချုပ်မှုကို လက်ခံထားတဲ့ အင်ဒိုနီးရှားစစ်တပ်အတွက် ဂုဏ်ယူတယ်လို့လည်း ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အတိတ်ကာလတုန်းကတော့ အရပ်သားတွေနဲ့ စစ်အုပ်စုကြား ခက်ခဲတဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပေမဲ့လည်း အင်ဒိုစစ်တပ်ဟာ ဘက်လိုက်မှုကင်းတဲ့ အခြေအနေကို ထိန်းသိမ်းထားဖို့အတွက် နိုင်ငံရေးကနေ နုတ်ထွက်ဖို့ အစပျိုးလုပ်ဆောင်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
“ကျနော်တို့ဟာ ကမ္ဘာမှာ စစ်တပ်က ကိုယ့်သဘောနဲ့ကိုယ် နိုင်ငံရေးကနေ နောက်ဆုတ်ပေးခဲ့တဲ့ ဥပမာပေးစရာ နိုင်ငံတွေထဲက တခုဖြစ်တယ်လို့ ထင်ပါတယ်။ အဲဒီအတွက် လည်း ကျနော်တို့ ဂုဏ်ယူရပါတယ်။”
ဒါ့အပြင် အင်ဒိုနီးရှားစစ်တပ်ရဲ့ ပြည်သူတွေအပေါ် လေးစားလိုက်နာရမယ့် သစ္စာအဓိဋ္ဌာန်ကိုလည်း မီးမောင်းထိုးပြခဲ့ကာ အင်ဒိုနီးရှားရဲ့ ခြေလှမ်းတွေကနေ သင်ခန်းစာယူဖို့ မြန်မာစစ်တပ်ကို ဝန်ကြီးက တိုက်တွန်းခဲ့တာပါ။
“အင်ဒိုနီးရှားမှာ ကျနော်တို့ရဲ့ စစ်ရေးအစဉ်အလာက ငါတို့ဟာ ပြည်သူ့စစ်သားတွေ ဖြစ်တယ်။ ငါတို့ဟာ ပြည်သူတွေက ပေါ်ထွန်းလာတယ်။ သူတို့မပါဘဲနဲ့ ငါတို့က ဘာမှ မဖြစ်ဘူး။”
ဒါ့အပြင် စစ်တပ်ရဲ့ အဓိကတာဝန်ဟာ ပြည်သူကို ကာကွယ်ဖို့ဆိုတဲ့ ကတိကဝတ်ကို ထားရှိခြင်းနဲ့သာ ခက်ခဲတဲ့ အခြေအနေမှန်သမျှကို ကျော်လွှားနိုင်မှာဖြစ်တယ်လို့လည်း သူက ပြောလိုက်ပါတယ်။
“မြန်မာနိုင်ငံကို လက်တွဲခေါ်ဆောင်သွားဖို့ ကျနော်တို့ စိတ်အားထက်သန်ပါတယ်။ စစ်တပ်က သူ့ပြည်သူတွေကို အမြဲတမ်း ခုခံကာကွယ်ပေးပြီးတော့ ကိုယ့်ပြည်သူတွေကို အကြမ်းဖက်တာတွေ မလုပ်သင့်ပါဘူး။”
မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရထံကနေ အာဏာကို တရားမဝင် လုယူခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ထောင်နဲ့ချီတဲ့ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်၊ ရွာတွေကိုမီးရှို့ဖျက်ဆီး လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို့ သောင်းနဲ့ ချီတဲ့ ပြည်သူတွေကိုလည်း ဥပဒေမဲ့ ဖမ်းဆီးထောင်ချခဲ့ပါတယ်။