တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ဇွန် ၄ ရက်က ထားဝယ်ဆေးရုံကြီးက ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးကြီးတဦး ကွယ်လွန်သွားတယ်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
ကွယ်လွန်သူ အမျိုးသမီးဟာ ထားဝယ်မြို့နယ် တောင်ပို့ရွာက အသက် ၇၇ နှစ်အရွယ်ရှိ ဒေါ်ခင်ယု ဖြစ်ပြီး ထားဝယ်ဆေးရုံကြီးမှာ ကုသနေရင်း ကွယ်လွန်ခဲ့ပါတယ်။
ဈာပနကိုတော့ နာရေးကူညီမှု-ထားဝယ်က ဇဟာဘာသာပေါင်းစုံသုသာန်ရှိ ကိုဗစ် နာရေးသီးသန့်သင်္ဂြိုဟ်စက်မှာ ဇွန် ၄ ရက် နေ့လယ် ၂ နာရီက မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့မေလက ထားဝယ်ခရိုင်မှာ ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော် တွေ့ရှိခဲ့ပြီး ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်က သက်ကြီးပိုင်း ကိုဗစ်လူနာ အမျိုးသားတဦးနဲ့ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၃ ဦး ကွယ်လွန်ခဲ့ပါတယ်။
အဆိုပါ သေဆုံးသူ ၃ ဦးဟာ အတည်ပြုလက္ခဏာ တွေ့ရှိရပေမဲ့ ကိုဗစ်ရောဂါကြောင့် သေဆုံးတာမဟုတ်ဘဲ တခြားရောဂါအခံတွေကြောင့် သေဆုံးခဲ့တာဖြစ်ပြီး ဇွန် ၄ ရက်က သေဆုံးတဲ့ ကိုဗစ်လူနာ အမျိုးသမီးမှာတော့ တခြားရောဂါအခံရှိမရှိကို အတည်ပြုနိုင်သေးပါဘူး။
အခု ဇွန်လဆန်းပိုင်းမှာတော့ ကိုဗစ်အတည်ပြုလူနာ စစ်ဆေးတွေ့ရှိတာမျိုး မရှိသေးဘူးလို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။