ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းလမ်းရှိ အကောက်ခွန်ဦးစီးမှူးရုံးမှာ ဇွန် ၅ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီက ဗုံးပေါက်ကွဲခဲ့လို့ ဒုဦးစီးမှူး အပါအဝင် ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောက်တံတား မြို့ခံတွေဆီက သိရပါတယ်။
ကျောက်တံတားမြို့နယ် ၄ ရပ်ကွက် ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး ၃ လွှာမှာ ဒီနေ့ နေ့လယ် ၁၂ နာရီက ဗုံးပေါက်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ရုံးထဲမှာ ပေါက်တာ၊ ဆေးရုံကားတွေရော စစ်ကားတွေရော ရောက်လာတယ်။ ငါးယောက် ထိသွားတယ်။ ဦးစီးမှူးတွေလည်း ပါတယ်ပြောတယ်။ စစ်တပ်နဲ့ ရဲကတော့ စစ်ဆေးနေတယ်။”
ပေါက်ကွဲမှုကြောင့် အကောက်ခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဖြိုးဖြိုးအောင် အပါအဝင် သုံးဦးနဲ့ ရုံးကိုအခွန်လာဆောင်သူ မဆုနှင်းဦးနဲ့ မချယ်ရီတို့ ထိခိုက်ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ရုံးထဲမှာ ဘယ်လိုပေါက်လဲတော့ မသိဘူး၊ အကောက်ခွန်ကိုတော့ စစ်တပ်က စစ်ဆေးနေတယ်။ မိန်းကလေး ငါးယောက်ထိတယ်။ လက်လုပ်ဗုံးအစတွေမှန်တာ။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူး။”
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်၊ ရဲနဲ့ ယာဥ်ထိန်းရဲတွေဟာ ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်းနဲ့ ကမ်းနားလမ်းအထိ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂ ရက် ည ၉ နာရီဝန်းကျင်ကလည်း ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ အဆိုပါ တိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။