Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ခြေ လျော့နည်းသွားသော်လည်း မုတ်သုံလေအားကောင်းလာနိုင်
DVB
·
June 5, 2023
181525-US-dollars-730x365

ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်တဲ့ အခြေအနေ လျော့နည်းသွားပေမဲ့ မုတ်သုံလေ အားကောင်းလာနိုင်ကာ မိုးသက်လေပြင်းတွေတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။

ဇွန်လ ၆ ရက်ကနေ ၈ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာမှ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားခဲ့တာဖြစ်ပါတယ်။ 

မနေ့ညက တိုင်းထွာချက်အရ လေဖိအား နည်းရပ်ဝန်း (Low Pressure Area)ဖြစ်ပေါ်နိုင်တဲ့ အခြေအနေ လျော့နည်းသွားပြီး မုတ်သုံလေ အားကောင်းလာနိုင်တဲ့ အခြေအနေသာ ဖြစ်ပေါ်နိုင်တယ်လို့  မိုးဇလဌာနက ခန့်မှန်းပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ မုတ်သုံ အားကောင်းလာတာကြောင့် လေစီးကြောင်း ပြောင်းသွားပြီး မြောက်ဘက်ကို တက်မယ့် လမ်းကြောင်းဟာ ညာဘက် ကုန်းတွင်းဘက်ကို ရွေ့သွားတာကြောင့် ဆိုင်ကလုန်းမုန်တိုင်းအဆင့် မရောက်တော့ဘဲ အထက်လေပွေလှိုင်းအနေနဲ့သာ ကုန်းတွင်းဘက်ကို ဆက်ရွေ့သွားမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း  ခန့်မှန်းထားပါတယ်။

မုန်တိုင်း မရှိတော့ပေမဲ့ ကုန်းတွင်းမှာ အထက်လေပွေလှိုင်းအဖြစ် ဆက်ရွေ့လျားသွားမယ့် လမ်းကြောင်းတခုလုံးမှာ မိုးသည်းနိုင်ပြီး တနာရီ မိုင် ၃၀ အထိ လေပြင်းတိုက်ကာ လေပြင်းနဲ့အတူ ပါလာတဲ့ မိုးတိမ်တောင်တွေကနေ စိုက်ဆင်းလေပြင်း ကျရောက်တာ၊ မိုးကြိုးအန္တရာယ်၊ ရေကြီးနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်နိုင်တာ သတိထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

မုတ်သုံလေအားကောင်းလာနိုင်တာကြောင့် ဇွန် ၈ ရက်မှ ၁၅ ရက်အတွင်း  နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီးတာ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ မိုးဇလဌာနက ဒီမနက်ခန့်မှန်းထုတ်ပြန်ထားပါတယ်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တခါတရံ မိုးသက်လေပြင်း ကျရောက်လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ ခန့်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ  ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်တယ်ဆိုပါတယ်။

မုတ်သုံလေအားကောင်းလာနိုင်တာကြောင့် မိုးရွာသွန်းခြင်းနဲ့တူ လေပြင်းတိုက်ခတ် မိုးထစ်ချုန်းခြင်းနိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့  ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့  ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ကြဖို့ အကြံပြုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024