စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ လဝကရုံးအနီးမှာ ဘန်ကာဆောက်နေထိုင်နေတဲ့ စစ်တပ်ဂိတ်ကို ဇွန် ၄ ရက် မနက်အစောပိုင်းက ဒေသတွင်းကာကွယ်ရေးအဖွဲ့က လျှပ်တပြတ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၄ ယောက်သေဆုံးခဲ့ပြီး သေနတ် ၄ လက်နဲ့ လက်နက် ခဲယမ်းတွေ ရရှိခဲ့တယ်လို့ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အခြေပြု တပ်ရင်း(၈)အဖွဲ့က ပြောပါတယ်။
KhinMonRevolution 1.0 အဖွဲ့ တာဝန်ရှိသူ တဦးက "အခုလုပ်တာက တပ်ရင်း ၈ က လုပ်တာ။ ချောင်းဦးမှာအခြေပြုထားတဲ့ တခြားသောရင်းတွေလည်း အများကြီး ရှိပါ သေးတယ်။ ရင်းတွေ အားလုံးအတူပေါင်းပီး တပ်ပေါင်းစု သို့မဟုတ် စစ်ကြောင်း တကြောင်း ပုံစံမျိုး စုဖွဲ့ပြီး စစ်ရေး ဖော်ဆောင်ရင် ပိုပြီး အောင်မြင်နိုင်ပါတယ် "လို့ ပြောပါတယ်။
စစ်တပ်ဂိတ်ကိုကားနဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်သား ၄ ယောက် သေဆုံးကာ G3- သေနတ် ၄ လက်၊ ကျည်ဘောက် ၄ ခု နဲ့ ကျည် ၄၉ တောင့် ရန်သူ့ထံက ရရှိခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်မှာလည်း ထီးဆောင်းရွရှိ စစ်ကောင်စီစခန်းကို ဇွန် ၄ ရက် မနက် ၈ နာရီက တိုက်ခိုက်ခဲ့တာလို ဒေသခံပြည်သူကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
မြင်းခြံခရိုင်တပ်ရင်-၇၊ Zero ပြောက်ကျားတပ်ဖွဲခေါင်းဆောင်ကိုသက်ကြီးက "ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာ။ စခစခန်း တည့်တည့် ဗုံးသီးအလုံး၂၀ ချ တိုက်ခိုက်ခဲ့တယ်။ ဒရုန်း ၇ စီးအသုံးပြုတိုက်ခိုက်ခဲ့တာပါ။ ဒရုန်းမြင်းကွင်းထဲမှာ ၅ ကောင် သေတာ အတိကျမြင်ရတယ်။ ၁၀ ကောင် ဒဏ်ရာပြင်ထန်ရသွားတယ်" လို့ ပြောပါတယ်။
အခု တိုက်ပွဲကို မြင်းခြံခရိုင်တပ်ရင်း -၇ Zeroပြောက်ကျားတပ်ဖွဲ၊ ကျောက်ဆည်ခရိုင်တပ်ရင်း၁ နဂါးနီ၊ ရွှေဘိုခရိုင်တပ်ရင်၁၅၊ မိုးညို LPDF၊MRTf Done Force အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဟာ မုံရွာ-မန္တလေးကားလမ်းမောင်းနှင်နေကြတဲ့ ခရီသည်တင်ကား၊ ကုန်ကားတွေကို လမ်းပိတ်ကာ စစ်ဆေးနေတာကြောင့် ကားအစီးရေ ၄၀၀ လောက် ပိတ်ခဲ့တယ်လို့ လည်း ထီးဆောင်းရွာ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု အရေအတွကိုတော့ သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။