ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်နဲ့ ရွှေကုက္ကိုမြို့သစ်တို့ကို မြန်မာဘက်က တောင်းဆိုချက်ကြောင့် ဇွန် ၆ ရက်ကစတင်ကာ လျှပ်စစ်မီး ဖြတ်တော့မှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြောင်း Benar News သတင်းဌာနက ဇွန် ၂ ရက်မှာ ဖော်ပြပါတယ်။
ဘန်ကောက်ရှိ မြန်မာသံရုံးက Thailand Provincial Electricity Authority ထိုင်းလျှပ်စစ်အာဏာပိုင် အဖွဲ့နဲ့ မြန်မာရွှေမြင့်သောင်းယဥ်ကုမ္ပဏီတို့အကြား ချုပ်ဆိုထားကြတဲ့ နယ်စပ် လျှပ်စစ်ဓာတ်အားဖြန့်ဝေရေး သဘောတူညီချက်တခုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုလာတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်ထားဖို့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားလာတယ်လို့ သိရပါတယ်။
မကြာသေးမီကာလက PEA ကနေပြီးတော့ ကာစီနိုရုံတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား မှုတွေ ကြီးစိုးလာတဲ့ လေးကေ့ကော်မြို့သစ်နဲ့ ရွှေကုက္ကိုလ်မြို့သစ်တို့ကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ဖို့ အစီအစဥ်လည်းရှိထားခဲ့ပြီး ဇွန် ၆ ရက် မှာတော့ အမှန်တကယ် ဖြတ်တောက် သွားမှာဖြစ်တယ်လို့ တာ့ခ်ခရိုင် မဲဆောက်မြို့အကြီးအကဲ ဆွန်ချိုင်းထရီတိပ်ချာတူးက အတည်ပြု ပြောကြားပါတယ်။
အခုလို နယ်စပ်မြို့ နှစ်မြို့ကို ဓာတ်အားဖြတ်တောက်ဖို့ သံရုံးတွေကနေ တရားဝင် သတင်း ထုတ်ပြန်တာမျိုးမရှိသလို ဘာလို့ အခုလို စစ်ကောင်စီက တောင်းဆိုခဲ့တာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း Benar News က ဖော်ပြပါတယ်။
လေးကေ့ကော်မြို့ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလကစပြီး စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် မြို့ခံတွေက နီးစပ်ရာကို ထွက်ပြေးနေကြရပြီး ရွှေကုက္ကိုမြို့သစ်မှာလည်း ၂၀၂၃ ခုနှစ်၊ မတ်လ ကစတင်ကာ ၁ လ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူတွေစစ်ဘေးရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။
source-Benar News