အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် အမေရိကန်နိုင်ငံ က ဒေါ်လာ၁၇ သန်းနီးပါး ထပ်တိုးကူညီသွားမယ်လို့ ထုတ်ပြန်ပါတယ်။
မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ လူသားချင်းစာနာမှုအကူအညီအဖြစ် ဒီထောက်ပံ့မှုကိုတော့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတဆင့် မုန်တိုင်းသင့်ဒေသတွေမှာ ဆောင်ရွက်နေကြတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဒါက အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ကယ် ဆယ်ရေးပစ္စည်းတွေ ပေးအပ်ရာမှာ အကူအညီဖြစ်စေနိုင်မှာဖြစ်ကာ ထောက်ပံ့မှုအများဆုံး လိုအပ်နေတဲ့ လူ့အသိုက်အဝန်းတွေနဲ့ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေဆီ အလွယ်တကူရောက်ရှိနိုင်ဖို့နဲ့ အကူအညီတွေပေးအပ်နိုင်ဖို့ အလွန်အရေးကြီးတယ်လို့လည်း အမေရိကန် သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ကတည်းက လူသားချင်း စာနာထောက်ထားမှုအကူအညီ ဒေါ်လာသန်း ၄၀၀ ကျော် ပေးအပ်ခဲ့ ပြီးဖြစ်ကာ လက်ရှိမှာလည်း မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေအတွက် အရေးပါတဲ့ အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် မြေပြင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်က လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နယ်ကနေ ဖြတ်ကျော်ဝင်ရောက်ခဲ့တာပါ။
မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ ထိခိုက်ပျက်စီးမှု ၉၅ ရာခိုင်နှုန်းလောက်ရှိခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာလည်း ပျက်စီးဆုံးရှုံးမှုတွေ များစွာ ရှိခဲ့ပါတယ်။
NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုး သွားမှာ ဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။
ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက ထုတ်ပြန်ချက်မှာတော့ မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ဘေးကင်းလုံခြုံတဲ့ နေစရာနေရာရရှိဖို့က အဓိကအခက်အခဲတခု ဖြစ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ဖို့အတွက် လူသားချင်း စာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေ လိုအပ်နေတယ်လို့ပြောထားပေမယ့် လက်ရှိမှာတော့ သတ်မှတ် လူဦးရေရဲ့ တစိတ်တပိုင်းလောက်အတွက်သာ ရရှိနိုင်သေးတယ်လို့ ဆိုပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ဒေသတွေအတွက် သိသာထင်ရှားတဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးစိန်ခေါ်မှုတွေ ရှိနေပြီးတော့ လတ်တလောအချိန်အထိ ဘေးဒဏ်သင့် လူဦးရေ ၆၃,၀၀၀ ကျော်အတွက်သာ အမိုးအကာနဲ့ တခြားလူမှုကယ်ဆယ်ရေးပစ္စည်းတွေကို ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ UNOCHA မြန်မာ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ထောက်ပံ့ရေးပစ္စည်း ဖြန့်ဝေမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ ဝင်ရောက်ကူညီခွင့်လည်း အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။