ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစီးက စစ်ဆေးရေးဂိတ်ကို မောင်းပြေးရာကနေ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လိုက်ပါလာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၁ ဦး သေဆုံးကာ ၁ဝ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
မေ ၃၁ ရက် ည ၁ဝ နာရီလောက်မှာ စံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာ အုပ်စု ၃ နားမှာ လမ်းအတိုင်း အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ ပစ်ကပ်အမျိုးအစားကား ၃ စီးကို ထိုင်းအာဏာပိုင်တွေက သတင်းအရ ရပ်တန့်စစ်ဆေးရာ ရပ်မပေးဘဲ ထွက်ပြေး မောင်းနှင်ခဲ့ရာကနေ ယာဥ်တိမ်းမှောက်ခဲ့တာပါ။
အဆိုပါ ကား ၃ စီးထဲက တိမ်းမှောက်သွားခဲ့တဲ့ အလယ်အစီးထဲမှာ မြန်မာနိုင်ငံသား တရားမဝင် နယ်စပ်ဖြတ်ကျော်လာခဲ့သူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး လိုက်ပါလာခဲ့ပြီး အဆိုပါ ၁ဝ ဦးထဲက အသက် ၂၂ အရွယ် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးမှာ ပြင်းထန်ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးခဲ့ပြီး ကျန် ၁ဝ ဦးက ဒဏ်ရာအနည်းငယ် ရရှိခဲ့ကာ ဖြစ်စဥ်နေရာအနီး တောထဲမှာ တွေ့ရှိခဲ့ပြီး စစ်ဆေးမှုမှာ ပါဝင်ခဲ့တဲ့ ထိုင်းရဲတဦးကတော့ ပွတ်တိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါ တရားမဝင် ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသားတွေထဲက သေဆုံးသူကို စံခလဘူရီဆေးရုံကို ပို့ဆောင်ကာ ကျန်သူတွေကို စံခလဘူရီရဲစခန်းကို လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူနိုင်ဖို့ ပို့ဆောင်ထားပြီး ယာဥ်နဲ့ ပွတ်တိုက်ခဲ့တဲ့ ထိုင်းရဲတဦးကတော့ ဆေးကုသမှုခံယူနေရပြီး အသေးစိတ်ကိုတော့ ဖော်ပြထားတာ မတွေ့သေးပါဘူး။
Source - CH 7 HD