ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် သာစည်မြို့နယ်ကြားရှိ ကျောက်ပချုပ်ကျေးရွာအနီးမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို စစ်ကောင်စီတပ်က လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးသွားပါတယ်။
မေ ၂၆ ရက်က PDF ရဲဘော်ဂျပန်ကြီးဟာ ယာယီတပ်စခန်းထဲမှာ နေထိုင်နေစဥ် ဒေသတွင်း ပျူစောထီးတွေရဲ့ သတင်းပေးချက်အရ စစ်ကောင်စီတပ်သားတွေက အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
တပ်ဖွဲ့ဝင်တွေနဲ့ ရင်းနှီးသူတဦးက “ကျနော်တို့ရဲဘော်တဦးလို့ အသိအမှတ်ပြုပါတယ်။ စိတ်လည်းမကောင်းပါဘူး။ ကျည်သေတ္တာထဲက ဗလာပါ။ စကစတွေက ကျည်ရှိနေရင် အပြင်မှာထုတ်ထားမှာ။ ဆုံးရှုံးမှုလည်း များတာပေါ့” လို့ ပြောပါတယ်။
တော်လှန်ရေးအင်အားစုထဲက တယောက်ကို ဖမ်းဆီးမိတဲ့အခါ ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်တဲ့အတွက် တခြား ဆက်နွှယ်တဲ့ တော်လှန်ရေးအင်အားစုတွေ အထူးဂရုစိုက်ကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။
ရဲဘော်ဂျပန်ကြီး အပါအဝင် ယာယီတပ်စခန်းတခု လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးခံရတာကြောင့် အကြမ်းဖက်ဥပဒေပုဒ်မနဲ့ အရေးယူဆောင်ရွက်မယ်လို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံထားရတဲ့ ရဲဘော်ဂျပန်ကြီးရဲ့ဖုန်းကို အသုံးပြုပြီး ပြင်ပက ရဲဘော်တွေကို ထောင်ဖမ်းတာတွေ ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတဦးက ပြောပါတယ်။
“သူက အဖမ်းခံနေရပြီးတာကို ကျနော်က မသိဘူး။ ကျနော့်နားလာဖို့ လမ်းကြောင်းတွေ မေးတယ်၊ လမ်းစရိတ်တောင်းတယ်။ သူ့အပြင် နောက်လူတယောက်နဲ့ လာမယ်လို့ ပြောတယ်ဗျ။ နောက်ရက်မှ သူ ဖမ်းခံရတာကိုသိပြီး ကျနော်တို့ကို ထောင်ဖမ်းတာမှန်း သိတာဗျ။ အဲ့ဖုန်းကို သူက ဆက်သုံးတာလား၊ စစ်သားတွေက သုံးတာလားတော့ မသိဘူး။”
အဆိုပါရဲဘော် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ပုံတွေတက်လာပြီး ရဲဘော်ရဲ့ လက်ကိုင်ဖုန်းကို ဆက်လက်အသုံးပြုနေတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဖမ်းဆီးခံရသူတွေကို အသုံးချကာ ပြင်ပမှာရှိတဲ့ ရဲဘော်တွေရဲ့ ဒေတာ အချက်အလက်တွေ၊ နေရာဒေသတွေကို မသိသလိုနဲ့ မေးမြန်းပြီး ဆက်လက်ဖမ်းဆီးဖို့ ပြုလုပ်နေတာကြောင့် ရဲဘော်တွေအနေနဲ့ စကားဝှက်တွေ မပေါ့ဆသင့်ဘဲ ချင့်ချိန်တွေးသင့်တယ်လို့ ရဲဘော်တယောက်က ပြောပါတယ်။
မေလကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကျောက်ပချုပ်ကျေးရွာ၊ မြက်ခါးအင်းကျေးရွာ၊ ငပျောတောကျေးရွာဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၁၅ လုံးကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။