မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ မင်းတံတားရပ်ကွက်၊ အောင်မြေမင်္ဂလာကျောင်းနဲ့ လျှပ်စစ်ရုံးတို့မှာ တပ်စွဲထားတဲ့ စစ်သားတွေကို မေ ၂၈ ရက်မှာ မိုးမိတ်ခရိုင် KPDF တပ်ရင်းက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကချင်လွတ်မြောက်ရေတပ်မတော် (KIA) အမှတ်-၃၄ တပ်ရင်းနဲ့ မိုးမိတ်ခရိုင် KPDF တပ်ရင်း တပ်ခွဲ-၁ ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တချိန်တည်းမှာ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
မင်းတံတားရပ်ကွက်မှာ နေထိုင်သူတဦးက “လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တာ၊ နာရီဝက်လောက်ကြာတယ်။ တော်တော်ကိုကြာတာ။ အဲဒီနားက တိုက်ပုအိမ်တလုံးပေါ် ကျပြီး ပေါက်ကွဲတယ် ကြားတယ်။ အောင်မြေကျောင်းနဲ့ လျှပ်စစ်ရုံးက မဝေးဘူး။ ဖြစ်တာကိုတော့ အနီးအနားကပဲ သိကြတာ။ တချို့ဆို ဖြစ်သွားမှန်းတောင် မသိဘူး။ စစ်သားတွေ အသေအပျောက်ရှိတယ် ကြားတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့ အောင်မြေကျောင်းမှာ တပ်စွဲထားတဲ့ ခလရ ၁၄၈ နဲ့ တပ်မ ၃၃ က စစ်သားတွေနဲ့ အမှတ် ၁၄ ရဲတပ်ရင်း၊ ခလရ ၁၄၈ တပ်က ရဲတွေ တပ်စွဲထားတဲ့ နေရာနှစ်နေရာကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ၆ ဦး ဒဏ်ရာရကာ ၆ ဦး သေဆုံးခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
မင်းတံတားရပ်ကွက် အောင်မြေမင်္ဂလာကျောင်းတိုက်မှာ တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံခဲ့ရပေမဲ့ အဆိုပါကျောင်းမှာ လှေကားသစ်ဖွင့်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရဲစခန်း၊ အေးစေတီဘုန်းတော်ကြီးကျောင်း၊ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်းနဲ့ ရွှေမြင်ဝင်ကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို မေ ၁၀ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ မိုးမိတ်ခရိုင် KPDF တပ်ရင်းနဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး၊ စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။