ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာ မေ ၃၀ ရက် ညပိုင်းက စစ်တပ်ထောက်ခံသူ အဆိုတော် လီလီနိုင်ကျော် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရန်ကင်းမြို့ခံတွေက ပြောပါတယ်။
လီလီနိုင်ကျော်ဟာ မနေ့ညက နစ်ဆန်း PINO အမျိုးအစားကားနဲ့ အပြင်က ပြန်လာတာဖြစ်ပြီး အိမ်ရှေ့အရောက်မှာ အမျိုးသားတယောက်က ကားညာဘက်ခြမ်းကနေသူ့ကို သေနတ် ၂ ချက် ပစ်ခတ်ခဲ့တာပါ။
ရန်ကင်း ၂ ရပ်ကွက်၊ တိုက်အမှတ် က/၂၆၅ အခန်း ၇၊ ရန်အောင် ၂ လမ်းမှာ မနေ့ ညပိုင်း ၇ နာရီ ၅ မိနစ်လောက်မှာ သေနတ်ပစ်ခတ်သံ ၂ ချက် ကြားခဲ့ရပြီး လူနာတင်ယာဉ်တွေ ဝင်ရောက်သွားတယ်လို့ အနီးနားနေသူတဦးက ပြောပါတယ်။
“ဖြစ်တဲ့နေရာက ရန်ကင်းပန်းခြံရဲ့ အနောက်က ရန်အောင် ၂ လမ်းထဲမှာ၊ ညပိုင်း ၇ နာရီထိုးလောက်က သေနတ်သံကြားရတာ၊ ပန်းခြံဘက်က စစ်သားတွေ ချက်ချင်းရောက်လာတယ်။ အပစ်ခံရသူက အမျိုးသမီး၊ ကားပေါ်မှာတင် ၂ ချက် ပစ်ခတ်ခံရတာ” လို့ ပြောပါတယ်။
လီလီနိုင်ကျော်ဟာ ပစ်ခတ်ခံရတာကြောင့် ညာဘက်နားထင်နဲ့ မေးစေ့ ကျည်ဆန်ဖောက်ဝင် ထိမှန်ထားပြီး စိုးရိမ်ရလူနာအနေနဲ့ စစ်ကောင်စီဘက်က မင်္ဂလာဒုံ ခုတင် ၁၀၀၀ စစ်ဆေးရုံကို ပို့ဆောင်တဲ့လမ်းမှာ သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့ မေ ၂၆ ရက် မနက်ပိုင်းကလည်း မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်မှာ စစ်တပ်ထောက်ခံသူ အမျိုးသားရေးသမား အသက် ၆၅ နှစ်အရွယ်ရှိ ဦးတင့်လွင် (ခ) မှတ်ကြီး သေနတ် ၂ ချက် ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။