ကုလသမဂ္ဂ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းထဲက မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူ ၂၃၀,၀၀၀ ကျော်ဆီကို အသက်ကယ် စားနပ်ရိက္ခာအကူအညီတွေ ပေးပြီးပြီလို့ မေလ ၃၁ ရက်ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
လုပ်ငန်းဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး WFP ဟာ နိုင်ငံတဝန်းမှာ မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေက လူပေါင်း ၈ သိန်းဆီကို ၃ လစာ အရေးပေါ် စားနပ်ရိက္ခာနဲ့ ငွေသားအထောက်အပံ့ ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
WFP ရဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေဟာ ရခိုင်ပြည်နယ်အလယ်ပိုင်းက ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့ဆီကို ရောက်နေပြီလို့လည်း ဆိုပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုကျော်ကာလအတွင်း ဝင်ရောက်တိုက်ခိုက်တဲ့ ဖျက်အားအပြင်းထန်ဆုံး မုန်တိုင်းဖြစ်ပြီး မုန်တိုင်းဝင်တိုက် ပြီးနောက် ၇၂ နာရီအတွင်း စစ်တွေမှာ စားနပ်ရိက္ခာတွေ စတင် ဖြန့်ဝေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတီဖင်အန်ဒါဆန်က “အရင်ကတည်းက ရှိနေတဲ့ ရှုပ်ထွေးတဲ့ အရေးပေါ် အခြေအနေအပေါ်မှာမှ မုန်တိုင်းကြောင့် အရေးပေါ်အခြေအနေ ထပ်ဆင့်ဖြစ်သွားတဲ့ အနေအထားဖြစ်ပါတယ်။ တိုက်ပွဲရှောင်မိသားစုတွေဆိုရင် မုန်တိုင်းဒဏ်ကနေ လွတ်မြောက်လာပေမယ့်လည်း အခု သူတို့မှာ ပိုင်ဆိုင်မှုရယ်လို့ ဘာဆိုဘာမှ မရှိတော့ပါဘူး။ တပူပေါ် နှစ်ပူဆင့် ပိုလို့တောင် ထိခိုက်လွယ်တဲ့အခြေအနေကို ရောက်နေကြပါတယ်” လို့ ပြောပါတယ်။
WFP ဟာ နိုင်ငံတဝန်းက စားနပ်ရိက္ခာမလုံလောက်တဲ့ လူဦးရေ ၂၁ သိန်းအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ အာဟာရ အကူအညီတွေကို အခုနှစ်ကုန်ပိုင်းအထိ ပေးနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ရရှိဖို့ ရန်ပုံငွေရှာဖွေနေပြီး နောက်ထပ်ရန်ပုံငွေ မရဘူးဆိုရင်တော့ WFP ရဲ့ အသက်ကယ်ဆယ်ရေးအစီအစဉ်တွေဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လကစလို့ ပြတ်တောက်သွားနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
WFP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပြုလုပ်ခဲ့တဲ့ စောင့်ကြည့်လေ့လာမှတ်တမ်းတွေအရ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာဒေသတွေအတွက် လတ်တလော အဓိကလိုအပ်နေတာက စားနပ်ရိက္ခာ၊ အမိုးအကာ၊ သောက်ရေ၊ သုံးရေနဲ့ သန့်ရှင်းရေးကိစ္စတို့ဖြစ်ပြီး မုန်တိုင်းကြောင့် လတ်တလောမှာရော ရေရှည်အတွက်ပါ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်မယ်လို့ ဆိုပါတယ်။