အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူတွေအတွက် ဆွစ်ဇာလန်နိုင်ငံက ဒေါ် လာ ၂ သန်းခွဲကျော် ထပ်ဆောင်းကူညီပံ့ပိုးပေးဖို့ ဆုံးဖြတ်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။
မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ထဲက လက်ရှိမိတ်ဖက်အဖွဲ့စည်း ၄ ဖွဲ့နဲ့ စစ်ကိုင်းနဲ့ မကွေးဒေသတွေက ဆွစ် NGO အဖွဲ့တဖွဲ့တို့ကို အရေးပေါ်ရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၁ သန်းလောက် ထပ်မံထည့်ဝင်သွားမှာဖြစ်သလို ကုလသမဂ္ဂရဲ့ အရေးအပေါ် ရန်ပုံငွေတောင်းခံချက် (UN Flash appeal) အပေါ် ဆွစ်ဇာလန်နိုင်ငံအနေနဲ့ ဒေါ်လာ ၁ သန်းခွဲကျော် ထပ်မံပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။
အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲ လောက်ကစပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေ မြို့က ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။
အဲဒီနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် အနီးတို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီးနောက် အားပျော့ပျက်ပြယ်ကာ တရုတ်နိုင်ငံဘက်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်မှာတော့ ဖြတ်သန်းရာဒေသတွေမှာ မုန်တိုင်းရဲ့ သက်ရောက်မှုတွေကြောင့် ဆည်တွေ ရေလျှံတာ၊ မိုးကြီးတာ၊ ချောင်းရေတွေ စီးဆင်းတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များစွာရှိခဲ့ပါတယ်။
NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုး သွားမှာ ဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက တော့ မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လတ်တလော ဆွစ်ဇာလန်သံရုံး ထုတ်ပြန်ချက်မှာတော့ ဆွစ်ဇာလန်အနေနဲ့ တတ်နိုင်သ၍ “ပိုမိုကောင်းမွန်စွာ ပြန်လည်တည်ဆောက်ဖို့”၊ အချိန်ကြာမြင့်စွာ ပိတ်ပင်ထားတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ချင်း၊ မကွေး တို့လို လိုအပ်နေရာတွေဆီ သေချာရောက်ရှိဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ အကောက်ခွန် ရွေးထုတ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။