Home
မြန်မာသတင်း
ကျိုက်ဇကောထောင်မှ ပြစ်ဒဏ်ကျနိုင်ကျဉ်းအချို့ စစ်ကြောရေး၌ နှိပ်စက်ညှဉ်းပန်းခံရ၊ ၁ဦးသေဆုံး
DVB
·
May 29, 2023
350240242_2299638770244402_8892273851832514368_n

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ကျိုက်ဇကောအကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ကို စစ်တပ်က ထောင်တွင်းကနေ စစ်ကြောရေးခေါ်သွားပြီး နှိပ်စက်ညှဉ်းပန်းတာကြောင့် ၁ ဦး သေဆုံးသွားတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဒပုဒ်မ - ၅၂ (က) နဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ကိုသန့်ဇင်ဝင်း၊ ကိုမင်းဘုန်း၊ ကိုရာလေး၊ ကိုပြည့် အပါအဝင် ၅ ဦးကို မေ ၂၆ ရက်က ထောင်တွင်းကနေ ခေါ်ထုတ်သွားပြီး နှိပ်စက်ညှဉ်းပန်းခဲ့တာလို့ ပဲခူးရိုးမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တာဝန်ရှိသူတဦးက ပြောပါတယ်။ 

“အဲဒီထဲမှာ မတရား သတ်ဖြတ်ခံရသူ ကိုသန့်ဇင်ဝင်းဟာ အပူရှပ်ပြီးသေတယ်ဆိုပြီး အမှတ် ၁ စခန်းမှာ သေမှုသေခင်းလုပ်ထားပါတယ်။ တကယ်ကျဆုံးသွားတာက စကစ ပစ်သတ်လို့ ကျဆုံးတယ်။”  

ကျိုက်ဇကော အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ ၅ ယောက်ကို စစ်ကြောရေးက PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်ပြီးခေါ်ယူပြီး နှိပ်စက်ညှဉ်းပန်းနေတာလို့ မိသားစုနဲ့နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့အထိ အကျဥ်းထောင်ကနေ ခေါ်ဆောင်ခံရသူ အယောက် ၂၀ ကျော်အထိရှိလာပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ခေါ်ဆောင်ခံရသူတဦးရဲ့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပဲခူးရိုးမထဲမှာ စစ်ကောင်စီတပ်က PDF လို့ စွပ်စွဲဖမ်းဆီးခံရတဲ့သူတွေမှာလည်း အများပြားရှိနေပြီး တချို့က မိသားစုဝင်တွေနဲ့ အဆက်သွယ်မရကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၂၆ ရက်နေ့ထိ နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၂၇၂၆ ဦးရှိတဲ့အနက် ၁၈၄၀၇ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၆၁၀၆ ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ပဲခူးရိုးမထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024