စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ချင်းတွင်းဒေသ ပုလဲမြို့မှာ မိုခါမုန်တိုင်းကြောင့် ဆည်မြောင်းတွေ ပျက်စီးသွားပြီး ဒေသခံတောင်သူတွေ မိုးစပါး စိုက်ဧက ၁၇၀၀၀ ကျော် စိုက်ပျိုးဖို့ အခက်အခဲ ဖြစ်နေပါတယ်။
မေ ၁၄ ရက်နေ့ တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုလဲမြို့နယ်မှာ ကျေးရွာပေါင်း ၃၄ ရွာ ရေနစ်မြုပ်ခဲ့ရပါတယ်။
ပုလဲမြို့နယ်ကို စိုက်ပျိုးရေပေးဝေနေတဲ့ မြောက်ယမားဆည် ပင်မမြောင်းမှ ရေပေးဝေရေးလက်တံမြောင်း ၁၀ ခုရှိပြီး လက်ရှိမှာ ပင်မမြောင်းအပါအဝင် ရေပေးလက်တံမြောင်းတွေ ပျက်စီးသွားမှုကြောင့် မိုးစပါးများစိုက်ပျိုးဖို့ အခက်အခဲရှိနေပြီး မိုးကြိုနှမ်း (နွေနှမ်း) ဧက ၂၇၀၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
“ပညာရှင်တွေကတော့ ပျက်စီးတန်ဖိုး သိန်းပေါင်း တစ်သောင်းကျော်တယ် ခန့်မှန်းကြတယ်။ ဆည်မြောင်းကြီးပြန်ကောင်းချင်တယ်၊ ဆည်ရေသောက်ရချင်တယ်၊ ဆည်မြောင်းပြင်မယ်ဆို ဘယ်အဖွဲ့အစည်းကပြင်ပြင် လက်ခံမှာပါ။ မိုးကိုအားကိုးပြီးစိုက်ရမယ့် အခြေအနေပဲရှိတော့တယ်၊ ရွာရေသောက်လယ်တွေလောက်ပဲ ကောက်စိုက်နိုင်တော့မယ်၊ နွေသီးနှံစိုက်ပျိုးဖို့ကတော့ မလွယ်တော့ဘူး” လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
ယင်းမာပင်ခရိုင် ချင်းတွင်းဒေသ ပုလဲမြို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ၇၀ ရာခိုင်နှုန်း ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပါတယ်။