အင်အားအလွန်ပြင်းထန်တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကိုခံခဲ့ရတဲ့ မြန်မာနိုင်ငံကို အကူညီပေးဖို့ အာဆီယံအတွင်းရေးမှူးချုပ်အနေနဲ့ အာဆီယံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်သူအဖြစ်ဆောင်ရွက်ပေးဖို့ အသင့်ရှိနေတယ်လို့ အာဆီယံက မေ ၂၇ ရက်မှာ ထုတ်ပြန် ပြောဆိုပါတယ်။
မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူတွေအတွက် အာဆီယံက အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိတဲ့ သဘာဝဘေးအန္တရာယ် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပို့ပေးခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်အရ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေထောက်ပံ့ပေးရေးနဲ့ ပတ်သက်လို့ အလုံးစုံ ပေါင်းစပ်ညှိနှိုင်းပေးဖို့အတွက် အာဆီယံအတွင်းရေးမှူးချုပ်အနေနဲ့ အာဆီယံရဲ့လူသားချင်း စာနာမှုအကူအညီပေးရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်သူ (SG-AHAC) အဖြစ် တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။
သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံလူသားချင်းစာနာကူညီမှုညှိနှိုင်းဆောင်ရွက်ရေးဌာန (AHA Center) ရဲ့အကူအညီနဲ့ အတွင်းရေးမှူးချုပ်အနေနဲ့ အဆိုပါတာဝန်ကို ထိထိရောက်ရောက်နဲ့ အချိန်မီတုံ့ပြန်ဆောင်ရွက်နိုင်စေရေး လမ်းဖွင့်ပေးဖို့လည်း မြန်မာကို တိုက်တွန်းတယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ပြန်ထားပါတယ်။
မိုခါမုန်တိုင်းကြောင့် အကြီးအကျယ် ပျက်စီးထိခိုက်မှုရှိခဲ့တဲ့အပေါ်မှာ မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူတွေအတွက် အရမ်းကို ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး စာနာတဲ့အကြောင်း၊ မုန်တိုင်းသင့်ဒေသကလူတွေနဲ့အတူ သွေးစည်းညီညွတ်စွာရပ်တည်ကြောင်းနဲ့ အထူးသဖြင့် ထိခိုက်ခံစားရဆုံးလူတွေအတွက် ဦးစားပေး အရေးပေါ်လိုအပ်ချက်တွေပြည့်မီအောင် တခုတည်းသောအာဆီယံ တစုတစည်းတည်းတုံ့ပြန်မှု ပုံစံနဲ့ ကိုင်တွယ်လုပ်ဆောင်ဖို့ အရေးကြီးတဲ့အကြောင်း အာဆီယံဝန်ကြီးတွေက ထပ်လောင်းအတည်ပြုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့ အသင့်ရှိနေပြီး အရေးပေါ်သယ်ယူပို့ဆောင်ရေးတွေထောက်ပို့ပေးဖို့နဲ့ မြေပြင်မှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေ စုဆောင်းဖို့အတွက် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနဲ့ အကဲဖြတ်ရေးအဖွဲ့ (ERAT) ) ကို စေလွှတ်ချထားဖို့လည်း ရှိနေပါတယ်။
အာဆီယံရဲ့ အကူအညီ ပထမအသုတ်ကို မေ ၂၁ ရက်က ပို့ဆောင်ပေးခဲ့ပြီး ၂၆ ရက်နေ့မှာတော့ တတိယအသုတ်အဖြစ် မီးဖိုချောင်သုံးပစ္စည်းတွေ၊ အမိုးအကာနဲ့ ယာယီရွက်ဖျင်တဲ စတဲ့ ပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
PHOTO- ASEAN