မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ထဲက ရေနံထွက်ရာ တတ်မမှော်ကို စစ်ကောင်စီက မေ ၂၅ ရက်မှာ ပိတ်သိမ်းလိုက်တာကြောင့် ရေနံတူးလုပ်သားတွေ အခက်အခဲကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ရုတ်တရက်ကြီး ပိတ်သိမ်းလိုက်တာပဲ။ တခြားနယ်က လာအလုပ်လုပ်တဲ့ လူတွေကတော့ ၂၇ရက် ညနေ ၄ နာရီ ဒီက ထွက်ရမှာ။ မထွက်နိုင်ရင် ပစ်မိန့်ပေးထားတယ်။ ၂၆ ရက်က လူ တယောက် သူတို့မခပ်နဲ့လို့ တားထားတဲ့ကြားက ဝင်ခပ်လို့ဆိုပြီး ရိုက်လိုက်သေးတယ်။ ကျိုးတာပဲ့တာ မရှိပေမဲ့ တော်တော်နာသွားတယ်" ဒေသခံတဦးက ပြောပါတယ်။
အခုလို ပိတ်သိမ်းလိုက်တဲ့အတွက် ရေနံမြေအလုပ်သမားတွေအနေနဲ့ အလုပ်လက်မဲ့ဖြစ်ပြီး အကြွေးတွေ တင်ကုန်ကြတယ်လို့လည်း အလုပ်သမား နောက်တဦးက ပြောပါတယ်။
"မြေပိုင်ရှင်တွေကတော့ အမြတ်လိုချင်လို့ သူများတွေကို ရောင်းပြီးလုပ်တာဆိုတော့ ကိစ္စမရှိဘူး။ အဆီခပ်သမားတွေနဲ့ တခြားနယ်ကနေ လယ်တွေယာတွေ ပစ်ပြီး တချို့ကျတော့ ရောင်းချပြီး လာလုပ်ကြတာဆိုတော့ အဆီခပ်သမားတွေကတော့ အလုပ်လက်မဲ့ဖြစ်ပြီး ကျင်းတူးတဲ့သူတွေ ကျတော့ အကြွေးတွေ တော်တော်တင်ကုန်တယ်။ ဘာလို့ဆို တကျင်းကို သိန်း ၅၀၀ လောက် ရင်းရတယ်။ အခုလို ပိတ်လိုက်တော့ လူတွေ ငွေအတော်များများ ဆုံးကုန်တယ်။ ပြီးတော့ ရေနံကျင်းတွေကို ဒိုဇာနဲ့ဖို့ ပစ်ပြီး မှော်ကို ဖျက်ပစ်မယ်လို့လည်း ကြားတယ်။"
စစ်ကောင်စီက တတ်မမှော်တင်မကပဲ မကွေးတိုင်း၊ အထက်မင်းလှနယ်ထဲက ရေနံမှော်တွေကို လည်း အကုန်ရပ်ခိုင်းထားတယ်လို့လည်း အဲဒီလုပ်ငန်းနဲ့နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
"ဒီဘက်က မှော်တွေကိုတော့ ခဏရပ်ခိုင်းထားတယ်။ ပြီးတော့ ရွာက ဥက္ကဋ္ဌ မြို့ကိုသွားရတယ်။ အစိုးရက တူးပြီးသား ရေနံတွေကိုတော့ ခပ်တဲ့၊ နောက်ထပ် မတူးရဘူး။ မြေကွက်ပိုင်ရှင်တွေကို လည်း ဘယ်သူ့ကိုမှ ကျင်းမရောင်းရဘူး။ ရေနံမတူးရဘူးဆိုတဲ့ ဝန်ခံကတိလက်မှတ်လည်း ထိုးရတယ်။"
ရေနံမြေတွေဟာ PDF တွေကို အဓိက ထောက်ပံ့ပေးတဲ့ အရာဖြစ်လို့ဆိုပြီး အခုလို ရေနံမြေတွေ ပိတ်သိမ်းတာလို့ စစ်ကောင်စီက ပြောထားပါတယ်။